ဆူဒန်နိုင်ငံက လမ်းတွေပေါ်မှာ နိုဝင်ဘာ ၁၇ ရက်က ထောင်နဲ့ချီတဲ့လူတွေ အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြနေတုန်း လုံခြုံရေးတပ်တွေက ပစ်ခတ်လို့ လူ ၁၅ယောက်ထက် မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
ဒါဟာ စစ်အုပ်ချုပ်ရေးဆန့်ကျင် ဆန္ဒပြပွဲ အချိန်တလအတွင်း လူအသေအပျောက် အများဆုံး နေ့ပဲလို့ ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။
မြို့တော် ခါတွန်မ်နဲ့ ဘာရီ၊ အမ်ဒါမဲန် မြို့တွေတလွှားမှာ အာဏာသိမ်းဆန့်ကျင်ရေး ချီတက်နေတဲ့ ဆန္ဒပြသူတွေက အရပ်ဘက် အာဏာပိုင်တွေကို အပြည့်အဝ အာဏာပြန်အပ်ရေးနဲ့ အာဏာသိမ်း ခေါင်းဆောင်တွေကို တရားစီရင်ရေး တောင်းဆိုခဲ့ကြပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့သုံးမြို့က လူစုလူဝေးတွေကို ကျည်အစစ်တွေ မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခတ် ဟန့်တားခဲ့ပြီး လက်ကိုင်ဖုန်း ဆက်သွယ်ရေးတွေကို ဖြတ်တောက်ခဲ့ တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဆန္ဒပြ သူတွေနဲ့ ရဲတွေ ဒဏ်ရာရကြတယ်လို့ အစိုးရ ရုပ်သံက ပြောပါတယ်. တုန့်ပြန်တဲ့ အနေနဲ့ ဆန္ဒပြသူတွေကလည်း အရံအတားတွေ ချထားခဲ့ပြီး လမ်းတွေကို ယာဉ်ကြော မရှိအောင် ဗလာကျင်း ထားခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေက ပြောခဲ့ပါတယ်။
လုံခြုံရေးတပ်တွေနဲ့ ရဲ ပြောခွင့်ရ တို့ဆီက မှတ်ချက်ကို ချက်ချင်းရဖို့ ဆက်သွယ်လို့ မရသေးပါဘူး။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဘ်ဒယ် ဖှာတာ အယ်လ် ဘာဟန်ကတော့ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ခွင့်ပြုထားပြီး စစ်တပ်က ဆန္ဒပြသူတွေကို မသတ်ဘူးလို့ ပြောခဲ့ပါတယ်။