မွန်ပြည်နယ် ရေးမြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဟောငး တွေကို အောက်တိုဘာလ ကစပြီး ယူနီဖောင်းတွေ ပြန်ဝတ်ခိုင်းကာ စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးတာဝန် ထမ်းဆောင်ခိုင်းနေတယ်လို့ သိရပါတယ်။
“ကျန်းမာရေး စစ်ဆေးတယ်၊ ဆေးစစ်တယ်၊ စစ်တာအောင်ရင် သေနတ်ပြန်ကိုင်ရတယ်၊ အသက်အရွယ် မရွေးဘူး၊ တာဝန်ပြန်ထမ်းဆောင်ရတာပေါ့” လို့ အမည်မဖော်လိုတဲ့ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းဟောင်းတွေကို ကျန်းမာရေးစစ်ဆေးပြီးတဲ့နောက် ယူနီဖောင်းတွေ ပြန်ဝတ်ခိုင်းပြီး လုံခြုံရေးကင်းတံတား၊ စစ်ဆေးရေးဂိတ်နဲ့ ရေးတံတားတွေမှာ တာဝန်ပြန်ထမ်းဆောင်နေရတယ်လို့ သိရပါတယ်။
ရေးမြို့နယ်အတွင်း လက်ရှိမှာ စစ်မှုထမ်းဟောင်း အယောက် ၂၀ ရှောင်လွှဲလို့မရဘဲ ကျန်းမာရေးကောင်းတာနဲ့ သေနတ်ပြန်ကိုင်နေရတယ်လို့ ဆိုပါတယ်။
အသက် ၁၈ ပြည့်ပြီး အလုပ်အကိုင်မရှိတဲ့ ဆင်းရဲသား တပ်မတော်သားတွေရဲ့ သားသမီးတွေကို လက်နက်ငယ်ရက်တို သင်တန်းပေးပြီး စားရိတ်ငြိမ်း တစ်နေ့ ကျပ် ၇၀၀၀ နဲ့ မြို့တွင်းလုံခြုံရေးတွေမှာ စစ်ကောင်စီအကြမ်းဖက်အဖွဲ့က တာဝန်ထမ်းဆောင်ခိုင်းနေတယ်လို့ အာဏာဖီဆန် CDM လုပ်ဆောင်နေတဲ့ တပ်မတော်အရာရှိ စစ်သည်တွေထံက သိရပါတယ်။
အဲဒါအပြင်အငြိမ်းစားပေးလိုက်တဲ့ စစ်မှုထမ်းဟောင်းတွေကိုလည်း လုံခြုံရေးတာဝန်ထမ်း ဆောင်ဖို့ လွန်ခဲ့တဲ့လကတည်းက စစ်ကောင်စီဘက်က ပြင်ဆင်နေခဲ့တာလို့ ဆိုပါတယ်။
တပ်မတော်သားတွေရဲ့သားသမီးတွေကို လက်ရှိမှာ စစ်ပွဲဖြစ်နေတဲ့နေရာဒေသတွေကို မပို့သေးဘဲ မြို့တွင်းက စာသင်ကျောင်းတွေ ဆေးရုံတွေနဲ့ ရပ်ကွက်လုံခြုံရေးလိုနေရာမျိုးတွေမှာ လုံခြုံရေးတာဝန်ချထားနေတာလို့ CDM လုပ်ဆောင်နေတဲ့ တပ်မတော်အရာရှိ တစ်ယောက်က ဆိုပါတယ်။
တပ်တွင်းက စစ်သည်တွေမှာ အပြင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို အမှန်မသိကြသလို အလုပ်အကိုင် မရှိ တော့ဘဲ စားဝတ်နေရေးခက်ခဲလာတာကြောင့် အခုလို ဝင်ရောက်လုပ်ကိုင်နေတာလို့ ဆိုပါတယ်။
အခွင့်ထူးခံ ချမ်းသာတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေကတော့ အာဏာသိမ်းပြီးကတည်းက စင်ကာပူနိုင်ငံအပါအဝင် တခြားနိုင်ငံတွေမှာသွားရောက် ပညာသင်ယူနေတာတွေရှိနေသလို ပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းတွေထူထောင် လုပ်ကိုင်နေကြတာလည်း ရှိပါတယ်။
စစ်ခေါင်းဆောင်ပိုင်းတွေက နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း တပ်တွင်းလုံခြုံရေး တင်းကြပ်ထားပြီး သတင်းအမှောင်ချထားတဲ့အတွက်ကြောင့် အပြင်မှာဖြစ်ပျက်နေတဲ့ အကြောင်းအရာအမှန်ကို သိရှိသူ နည်းတယ်လို့ အခုရက်ပိုင်းအတွင်းမှ CDM လုပ်လာတဲ့ တပ်မတော်သား တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။
စစ်အာဏာသိမ်းမှုကို မကြိုက်တဲ့ တပ်မတော်သားအများအပြားလည်း ရှိနေပြီး အမိန့်ဆိုတဲ့ အရာအောက်မှာ လူ့အခွင့်အရေးအရ ဆုံးရှုံးနေမှုတွေကို မကြိုက်တာကြောင့် တပ်ကိုစွန့်ခွာဖို့ လုပ်ဆောင်နေတဲ့သူတွေ အများအပြားရှိနေတယ်လို့ မတ်လအတွင်းက CDM လုပ်လာခဲ့တဲ့ တပ်မတော်အရာရှိ တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။
လူအများစုက တပ်ကနေထွက်လာခဲ့တဲ့ တပ်မတော်သားတွေကို အန်အယ်လ်ဒီ ပါတီကို ထောက်ခံသူလို့ ပြောဆိုကြပြီး မထွက်ခွာတဲ့သူတွေကို တပ်မတော်ကို ထောက်ခံသူလို ပြောဆိုကြတာတွေက ပြည်သူနဲ့ပူးပေါင်းချင်တဲ့ တပ်မတော်သားတွေအတွက်အခက်တွေ့စေပြီး ပါတီတစ်ခု လူတစ်စုအတွက်မဟုတ်ဘဲ အာဏာရှင်စနစ်ကိုအတူတကွ တိုက်ထုတ်ရမယ်ဆိုတဲ့ အတွေးမျိုးတွေ ပြောဆိုမှုတွေ ရှိသင့်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်အထိ တပ်ထဲကနေထွက်ပြီး ပြည်သူနဲ့ ပူးပေါင်းတဲ့ တပ်မတော်သားအရာရှိ ထောင်နဲ့ချီ ရှိနေပြီး တချို့က လူငယ်တွေကို စစ်သင်တန်းတွေ ပြန်လည်ဝေမျှပေးနေပါတယ်။