လှိုင်မြို့နယ် ၁၂ ရပ်ကွက် ပါရမီလမ်းနဲ့ အင်းစိန်လမ်းထောင့်ရှိ EPC ရုံးရှေ့က စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ ဘန်ကာကို ဒီကနေ့ညနေပိုင်းမှာ အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရရှိသူတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ ညနေ ၄ နာရီက လှိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်များ လုံခြုံရေးယူထားတဲ့ ဘန်ကာကို အမည်မသိအဖွဲ့က ကားပေါ်မှ ဗုံးတွေ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဗုံးအရင်ပေါက်တာ၊ ဗုံးပေါက်ပြီးတော့ သေနတ်သံတွေ အဆက်မပြတ်ကြားရတော့ပဲ။ EPC ရုံးပစ်ခံရပြီး ကားလမ်းတလျှောက် လမ်းပိတ်ပြီး စစ်နေတာ ဒဏ်ရာရတဲ့သူတွေများတယ် ကြားတယ်။”
ပစ်ခတ်မှုဖြစ်ပြီးနောက် မီတာရုံးအနီး ဘူတာရုံလမ်းတဝိုက် လမ်းနှစ်ဖက်လုံးပိတ်ကာ ကားတွေကို ပြန်လှည့်ခိုင်ပြီး စစ်ကောင်စီတပ်တွေက စစ်ဆေးခဲ့သလို လူနာတင်ယာဥ်ကားတွေလည်း ရောက်ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လှိုင်မြို့နယ် EPC ရုံးမှာ စက်တင်ဘာ ၄ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဝန်ထမ်းအချို့ ဒဏ်ရာရရှိကာ ထရန်စဖော်မာအချို့ ပျက်စီးခဲ့ပါသေးတယ်။
ရန်ကုန်တိုင်းရှိ မြို့နယ်အချို့မှာ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂၆ ရက်နေ့အထိ ဗုံးပေါက်ကွဲမှု နဲ့ပစ်ခတ်မှု ၃၈ ကြိမ်ဖြစ်ခဲ့ပြီး အငြိမ်းစားဗိုလ်မှူးချုပ် ၁ ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံမီးပွိုင့်မှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ ဘန်ကာအနီး ဒီကနေ့ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့မနက် ၁၁ နာရီကျော်က သမိုင်းလမ်းဆုံရှိ စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ ဘန်ကာအနီးမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ၃ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။
“ဗုံးပေါက်တာက ၁၁ နာရီ ၁၅ မိနစ်လောက်က အုံးခနဲ အသံကြားလို့ ထွက်ကြည့်တော့ လူနာတင်ယာဥ်ကားတွေသွားတာ တွေ့တယ်။ လူနှစ်ယောက် ဒဏ်ရာရတယ်ပြောတယ်။ စစ်သားလား၊ အရပ်သားလား မသိဘူး၊ သွားလည်းကြည့်လို့မရဘူး။”
သမိုင်းလမ်းဆုံရှိ လုံခြုံရေးဘန်ကာကို အမည်မသိသူတယောက်က ဗုံးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ယောက် ဒဏ်ရာရတာ ဖြစ်နိုင်တယ်လို့ သမိုင်းလမ်းဆုံအနီးနေသူ တယောက်က ပြောပါတယ်။
“ဗုံးပေါက်သွားပြီး စစ်သားတွေ၊ ရဲတွေ ဝိုင်းအုံလာတာနဲ့ ဘယ်သူထိမှန်း မသိလိုက်ဘူး။ ကျနော့်အထင် ပြောရရင် စစ်သားတွေထိတာ ဖြစ်နိုင်တယ်။ အဲ့ဘန်ကာတဝိုက်က ရဲနဲ့စစ်သားပဲရှိတာ၊ သေချာတော့မသိဘူး၊ ဒဏ်ရာရတဲ့သူတော့ရှိတယ်။ လူနာတင်ယာဥ်တွေ လာပြီး သယ်သွားတာတွေ့တယ်။”
လတ်တလောမှာ သမိုင်းလမ်းဆုံနဲ့ ဘုရင့်နောင်လမ်းဆုံ မီးပွိုင့်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးမှုတချို့ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ ဗုံးပေါက်ကွဲခဲ့တဲ့ သမိုင်းလမ်းဆုံက လုံခြုံရေးဘန်ကာကို မေလ ၁၇ ရက်ကလည်း အမည်မသိ အမျိုးသားတွေက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပါသေးတယ်။
ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ ၂၃ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၃၃ ကြိမ်ဖြစ်ခဲ့ပြီး ၇ ယောက် သေဆုံးကာ ၁၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။
Photo :သမိုင်းလမ်းဆုံ ဘန်ကာအနီး ပစ်ခတ်မှု့ဖြစ်ပြီးနောက် စစ်ကောင်စီတပ်များ လုံခြုံရေးယူထားစဥ် (ပုံဟောင်း)