အများပြည်သူ လုံခြုံရေးအတွက် အသုံးမပြုရန် ကြေညာထားတဲ့ အရာတော်-ထီးဆောင်း-မြင်းမူ လမ်းပိုင်းကို ဩဂုတ် ၉ ရက်ကစပြီး လုံခြုံရေးသတိနဲ့ ပြန်လည် အသုံးပြုနိုင်ပြီလို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ပြည်သူ့တော်လှန်စစ်ကာလဖြစ်တာကြောင့် ဘယ်လမ်းပိုင်းကိုမဆို မလိုအပ်ဘဲ ခရီးသွားလာတာ၊ စစ်ကောင်စီယာဉ်တန်းတွေနဲ့ ကပ်လိုက်တာ၊ နယ်မြေခံတော်လှန်ရေး အဖွဲ့အစည်းတွေကို ချိတ်ဆက်အကြောင်းကြားခြင်းမရှိဘဲ သံသယဖြစ်ဖွယ် လူတွေနဲ့ ခရီးသွားလာတာ မလုပ်ဘဲ ဆက်လက် ပူးပေါင်းပါဝင်ပေးကြဖို့လည်း အသိပေး တိုက်တွန်းထားပါတယ်။
အရာတော်-ထီးဆောင်း-မြင်းမူ လမ်းပိုင်းကို ထပ်မံကြေညာချက် မထုတ်ပြန်မချင်း (လုံးဝ) အသုံးမပြုကြဖို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဩဂုတ် ၃ ရက်နေ့က သတိပေးထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီရက်ပိုင်းက အရာတော်တောင်ခြမ်းမှာ စစ်ကောင်စီစစ်သားတွေက ဇီးပင်လယ်ရွာမှာ စစ်ကြောင်းတခု၊ ညောင်ပင်ရွာမှာ စစ်ကြောင်းတခု၊ ရသာရွာမှာ စစ်ကြောင်းတခု၊ စုစုပေါင်း စစ်ကြောင်းသုံးခုနဲ့ စစ်ရေးလှုပ်ရှားနေတာကြောင့် ပြည်သူတွေ ဘေးအန္တရာယ် ကင်းရှင်းစေရေး သတိပေးတားမြစ်တာခဲ့တာလို့ သိရပါတယ်။
ကရင်နီပြည်သူတွေ စိုးရိမ်ထိန့်လန့်ခြင်းမရှိကြဖို့နဲ့ လုံခြုံရေး သတိရှိကြဖို့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းရေးအတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းတွန်းလှန်တိုက်ခိုက်ဖို့ KNDF က သတိပေးတိုက်တွန်းလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) စက်တင်ဘာ ၇ ရက် ဒီနေ့မှာ ခုခံတော်လှန်စစ်ပွဲ စတင်ကြောင်း ကြေညာခဲ့ပြီးနောက် တိုင်းရင်းသားပြည်နယ်တွေမှာ တိုက်ပွဲများ အရှိန်မြင့်လာပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း စစ်ရေးပြင်ဆင်မှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာနေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်မှာ KNDF အနေနဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အတူ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းဖို့အတွက် ပြည်နယ်တစ်ဝှမ်း စစ်ကောင်စီတပ်တွေကို တွန်းလှန်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကရင်နီပြည်သူတွေ စိုးရိမ်ထိန့်လန့်ခြင်းမရှိကြဖို့နဲ့ လုံခြုံရေး သတိရှိကြဖို့ တိုက်တွန်းလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီနေ့မွန်းလွဲ ၃ နာရီလောက်ကလည်း လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်အကြား ဒေါပိုးစီကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို KNDF တပ်ရင်းတွေက ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။