close

လုံးခင်း

close

March 20, 2023

ဖားကန့် လုံးခင်းတွင် တိုက်ပွဲကြောင့် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၆ ဦးသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ငြိမ်းချမ်းသာယာရွာ ကားကြီးဝင်းအနီး မတ်  ၁၈ ရက်နေ့ ညနေက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံလူမှု ကူညီရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။ 

လုံးခင်းကျေးရွာအနီး စစ်ကောင်စီတပ်တပ်ရဲ့  မျောက်ကုန်းစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်  ငြိမ်းချမ်းသာယာရွာ ကားဝင်အနီးမှာရှိတဲ့ ကလေးငယ် ၁ ဦး၊ အမျိုးသီး ၁ ဦးနဲ့ မျိုးသား ၄ ဦးပေါင်း ၆ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံ လူမှုအဖွဲ့ဝင်တွေက ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူတွေကြား အသက်ရှင်လျက်အသက် ၃ နှစ်လောက်အရွယ် ကလေးငယ် ၁ ဦးကို လူမှုအဖွဲ့တွေက ကယ်ဆယ်ပြီး လက်ရှိ ဖားကန့်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ ကူညီပေးနေတဲ့ လူမှုအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကလေး ၁ ယောက်ကတော့ ဖြစ်စဉ်နေရာမှာပဲ ဆုံးသွားတယ်။ တယောက်ကတော့ လက်က ကျေသွားတယ်ဆိုတော့ လက်တဖက် ဖြတ်လိုက်ရတယ်။ အခု ကျနော်တို့ ဆေးရုံမှာ ထိန်းသိမ်းစောင့်လျှောက်ထားတာပေါ့လေ။”

ဖြစ်စဉ်မှာ အဆိုပါ ကလေးငယ်ရဲ့ ဖခင်လည်း သေဆုံးခဲ့ပြီး မိခင်ကတော့ ခေါင်းမှာ ပြင်းထန်ဒဏ်ရာရရှိထားတာကြောင့် ဖားကန့်မှာပဲ လက်ရှိ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

“သူ့အဖေတော့ ဆုံးသွားတယ်။ အမေကတော့ ဆေးရုံမှာ ဆေးကုသခံယူနေတယ်။ ကလေးက လက်တဖက် ဖြတ်လိုက်ရတဲ့အခြေအနေရှိတယ်” လို့ ကူညီပေးနေတဲ့ လူမှုအဖွဲ့ဝင်က ပြောပါတယ်။

အဆိုပါနေ့က ဖြစ်စဉ်အတွင်း ဘယ်အဖွဲ့က ပစ်ခတ်တဲ့လက်နက်ကြီးကျည် ဖြစ်တယ်ဆိုတာကိုတော့  တိတိကျကျ မသိရသေးပါဘူး။

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က မတ် ၁၇ ရက် ညက အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးရုံးကို ဝင်ရောက်ဖျက်ဆီးပြီး ရုံးစောင့် အမျိုးသား ၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ဖားကန့်မြို့နယ်မှာ မတ်လဆန်းကစလို့ စစ်ကောင်စီတပ်က ဒေသခံတွေနဲ့ KIA အမှုထမ်းတွေကို ဖမ်းဆီးတာတွေ ခပ်စိပ်စိပ်လုပ်လာတာကြောင့် နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေပါတယ်။

1 hour Ago

December 19, 2021

လုံးခင်းတွင် သံဘေလီတံတားပေါ် ၁၂ ဘီးယာဉ်ဖြတ်မောင်းစဉ် ထက်ပိုင်းကျိုးကျ

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းဒေသမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ညက ဘိလပ်မြေအိတ်တွေ တင်ဆောင်လာတဲ့ ၁၂ ဘီးကားတစီး ဖြတ်သန်းစဉ် တံတားကျိုးကျပြီး ဥရုချောင်းထဲကို ပြုတ်ကျသွားတယ်လို့ သိရပါတယ်။ 

ဒီဖြစ်စဉ်မှာ ယဉ်မောင်းနဲ့ ယာဉ်နောက်လိုက် အပါအဝင် လူတဦးတယောက်မျှ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတစုံတရာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အခုကျိုးကျတဲ့ သံဘောင်ဘေလီတံတားကြီး သက်တမ်းရင့် ဆွေးမြည့်လာတာကြောင့် ကုန်တင်ယာဉ်နဲ့ အကြီးစားမော်တော်ယာဉ် ဖြတ်သန်းခွင့် မပြုထားပါဘူး။ 

ဒါ့အပြင် ကွန်ကရစ် သံကူ ဘေလီတံတားတစ်စင်းကို ၂၀၁၀ နောက်ပိုင်း ဆောက်လုပ်ပြီးစီးခဲ့ပြီး အိမ်သုံးနဲ့ လုပ်ငန်းသုံးယာဉ်အများစုက ကွန်ကရစ်ဘေလီတံတားမှာ သွားလာနေကြတာပါ။

ဒါပေမဲ့ ကြီးကြပ်စိစစ်မယ့်သူ မရှိသလို ညအချိန်တွေမှာ တံတားဟောင်းကို ကုန်တင်ကားတွေ အလွယ်တကူ ဖြတ်မောင်းတာကြောင့် အခုလို ကျိုးကျတာဖြစ်ပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တစုံတရာ အရေးယူမှု မကြားသေးဘူးလို့ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဒီတံတားကို လုံးခင်ကျေးရွာအုပ်စုအတွင်းက ကလေးငယ်တွေ ကျောင်းသွားဖို့ အဓိက အသုံးပြုခွင့်ပေးထားခဲ့တာ ဖြစ်ပေမယ့် ကုန်တင်ကားတွေ အလွယ်တကူ ဖြတ်သန်းသွားတာကြောင့် မကြာခဏ ပြင်ဆင်မှုတွေ လုပ်နေရတယ်လို့ ဆိုပါတယ်။

အဲ့ဒီတံတားဟာ နှစ်ပေါင်း ၅၀ ထက်မနည်း သက်တမ်းရင့် သံဘောင်ဘေလီအမျိုးအစား ဖြစ်ပြီး ၂၀၁၉ ခုနှစ်ကလည်း အသေးစား ပြုပြင်မွမ်းမံထားပါတယ်။

ဥရုချောင်းဖြတ်ကျော် တည်ဆောက်ထားပြီး တချိန်က ဖားကန့်မြို့ကို မြန်မာပြည် အရပ်ရပ်က မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာကြရတဲ့ တံတားလည်း ဖြစ်ပါတယ်။ 

အခု ကျိုးကျပျက်စီးခဲ့တဲ့ တံတားရဲ့ တဘက်ကမ်းမှာ ကျောက်တူးဖော်ရေးဌာနရုံးနဲ့ လုံးခင်းကျေးရွာ အ.ထ.က ကျောင်းလည်း တည်ရှိနေတာကြောင့် မရှိမဖြစ်လိုအပ်တဲ့ တံတားလို့‌ ဒေသခံတွေက ပြောပါတယ်။

1 year Ago
Up