အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် နေပယ်စ်မြို့က တိရစ္ဆာန်ရုံမှာ ကျားတကောင်က အခွင့်မရှိဘဲ မဝင်ရတဲ့နေရာကို ဝင်လာပြီး အစာကျွေးဖို့ ကြိုးစားခဲ့တဲ့ အလုပ်သမားကို ဒီဇင်ဘာ ၂၉ရက် ညနေက တိုက်ခိုက်ခဲ့တာကြောင့် ရဲက ကျားအား ပစ်သတ်ခဲ့ရတယ်လို့ အရာရှိတွေက ပြောပါတယ်။
နေပယ်စ်တိရစ္ဆာန်ရုံက ကန်ထရိုက်နဲ့ ငှားထားတဲ့ သန့်ရှင်းရေးဌာနအဖွဲ့ဝင် အမျိုးသားကို ကျားက လက်မောင်းကနေ ကိုက်ဆွဲပြီး ခြံစည်းရိုးကနေ အထဲကို ဆွဲသွင်းခဲ့လို့ အကြီးအကျယ် ဒဏ်ရာရခဲ့တဲ့အတွက် ဆေးရုံတင်ပို့ထားရတယ်လို့ မြို့နယ် ရဲမှူးရုံးရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှ ဖော်ပြထားပါတယ်။
ရဲက ကျားပါးစပ်ကနေ အမျိုးသားရဲ့ လက်ကိုလွတ်အောင် လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ ကျားကို ပစ်ခတ်ခဲ့ရတယ်လို့ ကြေညာချက်က ဆိုပါတယ်။
တိရစ္ဆာန်ရုံကတော့ ၈ နှစ်အရွယ် မလာယန်အမျိုးအစား ကျားအီခိုဟာ သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အီခိုလို့ နာမည်ပေးထားတဲ့ ကျားဟာ ၂၀၁၉ ဒီဇင်ဘာတည်းက ဆီယက်တယ်မြို့ ဝုဒ်လန်းပါ့ခ် တိရစ္ဆာန်ရုံကနေ ပြောင်းလာအပြီး ဒီတိရစ္ဆာန်ရုံမှာ နေခဲ့တာလို့ နေပယ်စ် တိရစ္ဆာန်ရုံရဲ့ တရားဝင် အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။