close

လူငယ်ကွန်ရက်ဥက္ကဋ္ဌ

close

April 18, 2022

ဖမ်းဆီးခံတရားစွဲခံ တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌကို သက်သေခိုင်လုံမှုမရှိသဖြင့် ပြန်လွှတ်

CRPH၊ PDF တို့နဲ့ ဆက်စပ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး   အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့  ဖမ်းဆီးတရားစွဲထားတဲ့   တောင်ကုတ်လူငယ်ကွန်ရက် ဥက္ကဋ္ဌ ကိုမင်းကိုဦး ကို သက်သေအထောက်အထား မခိုင်လုံလို့  သံတွဲခရိုင်တရားရုံးက ဧပြီ ၁၈ ရက်မှာ တရားသေပြန်လွှတ်ပေးလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ ကိုမင်းကိုဦးအပေါ် တရားစွဲဆိုထားတဲ့ အမှုမှာ ကျူးလွန်တဲ့ သက်သေအထောက်အထား တင်ပြနိုင်ခြင်းမရှိလို့ အမှုကို မှားယွင်းမှုလို့သတ်မှတ်ပြီးတော့ တရားသေ ပြန်လွတ်ပေးလိုက်တာလို့  ကိုမင်းကိုဦးက ဆိုပါတယ်။

ကိုမင်းကိုဦးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PDF တွေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီးတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းက တောင်ကုတ်မြိုမှာရှိတဲ့ သူ့ရဲ့နေအိမ်ကနေ ရဲတပ်ဖွဲဝင်တွေက လာရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် သူ့ကို တောင်ကုတ်မြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်လတ်က သံတွဲခရိုင်တရားရုံးမှာ တရားလိုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ကိုမင်းကိုဦး အပါအဝင် ရခိုင်ပြည်နယ်က ဖမ်းဆီးတရားစွဲခံထားရတဲ့ သူတွေကို ပြန်လွှတ်ပေးဖို AAYON က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ကိုမင်းကိုဦးဟာ တောင်ကုတ်မြိုမှာ ပရဟိတအလုပ်တွေနဲ့ ကိုဗစ်ကာလ ဆင်းရဲကျပ်တည်းသူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ လူငယ်တဦးလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ PDF တွေနဲ့ ဆက်စပ်တယ်ဆိုပြီးနှစ်ရှည် ထောင်ချခံထားရသူ ၄ ဦးရှိပြီး ဖမ်းဆီး တရားစွဲခံထားရသူ ၁၀ ယောက် ထက်မနည်းရှိပါတယ်။

1 min Ago
Up