မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ ဇူလိုင် ၃၁ ရက် ည ၁၀ နာရီလောက်က လူငယ်တဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၂၁ နှစ်အရွယ် ကိုလင်းအောင်ဆိုသူဟာ ပရဟိတရုံးကအပြန် အိမ်နား မရောက်ခင် လမိုင်းနောင်တော်ကြီးစေတီနားအရောက် လှည့်ကင်းအဖွဲ့နဲ့တွေ့ပြီး ပစ်ခတ်ခံရတာလို့ ဒေသခံ တဦးက ပြောပါတယ်။
“လမိုင်းနောင်တော်ကြီးစေတီနား သေသူရဲ့ အိမ်နားမှာဖြစ်တယ်။ သေနတ်သံကြားတော့ လူတွေ ထကြည့်ချိန်မှာ ရဲတွေ ကားပေါ်တင်သွားတယ်။”
ဩဂုတ် ၁ ရက်မှာတော့ လူငယ်တဦး ရဲစခန်းနား ချဉ်းကပ်လာတာကြောင့် ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူရဲ့ သူငယ်ချင်းဖြစ်သူက “နောင်တော်ကြီးစေတီအရှေ့ဘက်မှာ သူငယ်ချင်းတွေက စိုးရိမ်ပြီးလိုက်ကြည့်တော့ သွေးစက်တွေ့တယ်။ ဖိနပ်ဆိုင်ကယ်ကျန်ခဲ့ပြီး လူကို မတွေ့ဘူး။ နောက်ဆုံးရဲစခန်းနားမှာ သွားတွေ့တော့ ဝမ်းဗိုက်ဒဏ်ရာ တချက်နဲ့ လည်ပင်းမှာ ထိုးသွင်း ဒဏ်ရာ တချက်နဲ့တွေ့တယ်။ မနက်မိုးလင်း ရဲစခန်းက အလောင်းထုတ်ပေးမှ သေဆုံးတာသိရတယ်” လို့ ပြောပါတယ်။
လမိုင်းရဲစခန်းက သူတို့ ဝင်းနားကပ်လာလို့ ပစ်တာ ပြောဆိုနေပေမဲ့ ရေးမြောက်ပိုင်းဒေသတွေမှာ အခုလိုဖြစ်စဉ်မျိုး ငါးကြိမ်ထက်မနည်းဖြစ်ခဲ့ပါတယ်။
ကိုလင်းအောင်မှာ လမိုင်းမြို့ လမိုင်းပရဟိတလူငယ်များအဖွဲ့ဝင်တဦးဖြစ်ပြီး အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဝမ်းနည်းကြောင်းနဲ့ ဖြစ်ရပ်အပေါ် သံသယရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ကို မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းက လူငယ်တစ်ဦးကို စစ်အုပ်စုက သြဂုတ် ၂၇ ရက်နေ့ ညနေပိုင်းမှာ စစ်အုပ်စုက ဖမ်းဆီးသွားပြီး ပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ် ၁ နှစ် ချက်ချင်းချလိုက်တယ်လို့ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက "ညနေပိုင်းမှာ အိမ်ကို ရဲတွေ ၁၀ ယောက်ဝန်းကျင်လောက်ရောက်လာပြီး နာမည်ခေါ်တယ်၊ ပြီးတော့ ဘာမှမမေးဘဲ ပြတင်းပေါက်နေ ကျော်ဝင်လာပြီး ဖမ်းဆီးသွားတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရသူ ကိုအောင်မိုးကျော်နဲ့အတူ သွားလာနေကျ သူငယ်ချင်းတဦး ဖုန်းဆက်လာပြီးနောက် ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။
"ပထမဆုံး သူ့သူငယ်ချင်းတယောက်ကို အရင်ဖမ်းမိပြီး အဲ့တယောက်ရဲ့ ဖုန်းနဲ့ ဒီကောင်လေးဆီဆက်ပြီး ဘယ်မှာလဲဆိုပြီး စုံစမ်းပြီးဖမ်းသွားတာ" လို့ ဒေသခံက ပြောပါတယ်။
ကိုအောင်မိုးကျော်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ချက်ချင်း ပုဒ်မ ၅၀၅ နဲ့ ထောင် ၁ နှစ်ချလိုက်ကြောင်း မိသားစုကို သတင်းပို့ခဲ့တာလို့ သိရပါတယ်။
ကိုအောင်မိုးကျော်က သပိတ်တွေမှာသာ ပါဝင်ဖူးသူဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးပြီး ချက်ချင်း ထောင်ချတယ်ဆိုတာကို မသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။