ချင်းပြည်နယ် ပလက်ဝမြို့မှာ ဒီဇင်ဘာလ ၂၈ ရက် ညနေပိုင်းက ဒေသခံလူငယ်နှစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မိသားစုအသိုင်းအဝိုင်းဆီက သိရပါတယ်။
ပလက်ဝမြို့ မြို့မရပ်ကွက်က ကိုတင်ထွန်းအောင်နဲ့ စစ်ဘေးရှောင်စခန်းက ကိုတင်ဦးတို့ ၂ ယောက်ကို မနေ့ ညနေ ၆ နာရီလောက်မှာ ပလက်ဝမြို့မရဲစခန်းက နယ်ထိန်းအဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆွေမျိုးတော်စပ်သူ တစ်ယောက်က ပြောပါတယ်။
လူငယ် ၂ ယောက်ကို စစ်ဆေးမေးမြန်းဖို့ရှိတယ်ဆိုပြီး ဖမ်းဆီးပြီး ည ၈ နာရီကျော်လောက်မှာ ပလက်ဝအခြေစိုက် ခမရ (၂၈၉) တပ်ရင်းကို ခေါ်ဆောင်သွားကြပြီး ည ၉ နာရီလောက်မှာတော့ ပလက်ဝမြို့မရဲစခန်းကို ပြန်ပို့ကြတယ်လို့ ဆိုပါတယ်။
မိသားစုဝင်တွေက ဘာအကြောင်းအရာနဲ့ ဖမ်းဆီးခံရလဲဆိုတာကို မေးမြန်းဖို့ သွားရောက်ခဲ့ပေမယ့် အခုအချိန်ထိ တွေခွင့် မပေးသေးဘဲ မနေ့ညကတော့ အနွေးထည်တွေ၊ စောင်တွေ သွားပို့ပေးခဲ့ တယ်လို့ ပြောပါတယ်။
အဲဒီလူငယ် ၂ ယောက်ဖမ်းဆီးခံရတဲ့ ကိစ္စကို အသေးစိတ်သိရှိနိုင်ဖို့ ပလက်ဝမြို့မရဲစခန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
ဖမ်းဆီးထိန်းသိမ်းခံရတဲ့ လူငယ်နှစ်ယောက်ဟာ ပလက်ဝမြို့မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ လူမှုကူညီရေး ပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေသူတွေ ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မွန်ပြည်နယ် မုဒုံမြို့မှာ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် အသက်မပြည့်သေးသူ နှစ်ဦးကို စစ်ကောင်စီက အင်အားသုံး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မုဒုံမြို့ အမှတ် ၁ စာသင်ကျာင်းရှေ့၊ အောင်ချမ်းသာလမ်းမှာ နေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် မောင်မင်းထက်ကျော်ကို အောက်တိုဘာ ၁၃ ရက်နေ့ည ၁၀ နာရီကျော်မှာ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
ရှင်စောပုလမ်းသွယ် (ရဲစခန်းလမ်းကြား) မှာ နေထိုင်တဲ့ အသက် ၁၇နှစ်အရွယ် မနှင်းပွင့်မဒီကိုလည်း အောက်တိုဘာ ၁၃ ရက်နေ့ ည ၁၀ နာရီအချိန်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မုဒုံမြို့ခံ နိုင်ငံရေးသမားတစ်ယောက်က ပြောပါတယ်။
“နှစ်ယောက်စလုံးက ကျောင်းသားအရွယ်လူငယ်တွေပါ။ စစ်သားတွေက နေအိမ်တွေမှာ မတရားဝင်ရောက်ဖမ်းဆီးခဲ့တာပါ။”
အဖမ်းခံရတဲ့ လူငယ်တွေကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိရဘဲ သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း စစ်သားတွေက သိမ်းယူသွားပါတယ်။