close

လူငယ် ၃ ဦး

close

February 27, 2023

မြောက်ဥက္ကလာတွင် ဘုန်းကြီးပိုင်ကွန်ပျူတာနှင့် အလှူငွေခိုးယူသည့် လူငယ် ၃ ဦးကို ရဲစခန်းက ပြန်လွှတ်ပေး

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ကွန်ပျူတာနဲ့ အလှူငွေ ခိုးယူခဲ့တဲ့ လူငယ် အမျိုးသား ၃ ဦးကို မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းက ဖမ်းဆီးခဲ့ပြီး  ဖေဖော်ဝါရီလ ၂၆ ရက် ညနေမှာ ပိုက်ဆံယူပြီး ပြန်လွှတ်ပေးလိုက်တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ပုရွက်ဆိပ်ကုန်းရပ်ကွက်၊ ရွာဦးလမ်းရှိ ဓမ္မောဒယ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ဘ/က ကျောင်း ဦးဇင်းတစ်ပါးရဲ့ လက်တော့ကွန်ပျူတာနဲ့ အလှူ‌ငွေ ကျပ် ၇ သိန်းကျော် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ပျောက်ဆုံးသွားလို့ မြောက်ဥက္ကလာပရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပြီး ၂၂ ရက် ည ၁၀ နာရီဝန်းကျင်က ဧည့်စာရင်းစစ် ဝင်ဖမ်းရာက ခိုးယူသူတွေကို ဖမ်းမိခဲ့တာပါ။  

ရပ်ကွက်နေသူတစ်ဦးက"ပြီးခဲ့တဲ့ တနင်္လာနေ့က ကျောင်းဖွင့်ချိန် ဖြစ်သွားတာ၊ ကျောင်းကို မိဘတွေတောင် ပေးမဝင်ခိုင်းဘူး၊ မုန့်စားဆင်းချိန် ဦးထုပ်အမဲဆောင်းထားတဲ့ လူငယ်တစ်ဦး ကျောင်းထဲ ဝင်သွားတာကို CCTV က တွေ့လိုက်တာနောက်ဆုံးပဲ။ အပြင်လူတော့ မဝင်ဘူး၊ ညနေလောက်မှ ဘုန်းကြီး ပိုက်ဆံနဲ့ ကွန်ပျူတာပျောက်တယ်လို့ သိရတာ။ ဖြစ်ဖြစ်ချင်း ရဲကို တိုင်ထားတော့ ရပ်ကွက်ထဲက မသင်္ကာတဲ့ တစ်ယောက်ကို စစ်ရင်း ၃ ယောက်စလုံး မိသွားတာ။ ကွန်ပျူတာ သွားရောင်းပေးတဲ့ အမျိုးသမီးကိုပါ ဖမ်းထားတာ။ သူ့ကို အရင်ပြန်လွှတ်ပေးလိုက်တယ်။ ကွန်ပျူ တာဝယ်တဲ့လူကို ပြန်ရှာ‌မတွေ့တော့ဘူး။ ဘုန်းကြီးက အထဲကဒေတာပဲ ပြန်လိုချင်တာလို့ ပြောတယ်။ မနေ့က ရပ်ကွက်လူကြီးတွေရယ်၊ အာမခံပေးမယ့် သူရယ်၊ တစ်ဦးကို ကျပ်  ၅ သိန်းစီနဲ့ ပြန်ထုတ်လာတယ်လို့ကြားတယ်၊ အရင်တစ်ခါကလည်း ရုံးခန်းမှာ ခံဝန်ထိုးထားတာ"လို့ ပြောပါတယ်။  

ခိုးမှုထဲပါဝင်နေတဲ့ ၁၈ နှစ်အရွယ်အမျိုးသားတစ်ဦးက ရပ်ကွက်ထဲက ဘင်ဂိုဝိုင်းတွေမှာ ၁၀, ၀၀၀ တန် အုပ်ကိုင်ဆောင်ကစားရာကနေ ခိုးမှုကို ရပ်ကွက်က သတင်းပေးလို့ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလူငယ် ၃ ဦးဟာ ရပ်ကွက်က ခိုးယူမှုတွေမှာ ပါဝင်ခဲ့သူတွေ ဖြစ်တာကြောင့် ရပ်ကွက်ရုံးမှာ ခံဝန်ထိုးထားရသူတွေလို့ သိရပြီး အခုဖြစ်စဥ်မှာ ရဲစခန်းက ဖမ်းဆီးပြီး ၄ ရက်အကြာမှာ ကျပ် ၅ သိန်းစီနဲ့ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။

10 mins Ago

June 24, 2022

ခန္တီးမြို့တွင် လူငယ် ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ ဇွန် ၂၂ ရက်က လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"မနေ့ည ၇ နာရီမှာ ခန္တီးမြို့ ပေါ်မိုင်းရပ်ကွက်ရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်အနီးက တည်းခိုခန်းမှာ ဖမ်းမိတယ်။ သူတို့ ၃ ယောက်လာတည်းတာ၊ အဲဒီလူငယ် ၃ ဦးက ခန္တီးမြို့ကမဟုတ်ဘူး။ မုံရွာကလူငယ်တွေ၊ ယောကျ်ားလေး ၂ ယောက်၊ မိန်းကလေး ၁ ယောက်၊ သေနတ်တွေနဲ့အတူ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်။”

ဒီလူငယ် ၃ ယောက်ကို ၉ မမ ပစ္စတို ၂ လက်၊ ပွိုင့် ၂၂ တလက်၊ ကျည်ဆန်အတောင့် ၄၀၊ သုံးထောင့်ရှည် စနိုက်ပါပြောင်းတခုတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၃ ယောက်ကတော့ အသက် ၂၀ အရွယ် မောင်တင်စိုး (ခ) ညီညီနိုင်၊  ၂၈ နှစ်အရွယ် မောင်ဟိန်းစိုးအောင်နဲ့ ၁၉ နှစ်အရွယ် မအေးမြင့်မိုရ်တို့ ဖြစ်ပြီး လက်ရှိ သူတို့ကို ခန္တီးမြို့ စစ်ဗျူဟာရုံးမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

8 months Ago
Up