ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်ဘုရားအနီးမှာ နိုဝင်ဘာ ၃၀ ရက် ဒီနေ့မနက် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လူငယ်လေးဦးကို ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ လှည့်ကင်းကားနဲ့ ဗိုလ်တထောင်ဘုရားအနီးကို ရောက်လာစဥ် လူငယ်လေးဦးကို မသင်္ကာလို့ စစ်ဆေးရာက ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ကမ်းနားလမ်းမှာ နေထိုင်သူတဦးက ပြောပါတယ်။
“စစ်ဆေးဖို့ သူတို့ခေါ်တယ်သာပြောတာ။ အင်္ကျီကိုဆွဲပြီး မျက်နှာကိုထိုးတာ၊ အဲ့လိုမလုပ်ဖို့ ပြောတော့ နောက်တဦးက ထပ်ပြီးထိုးတယ်။ အဲ့မှာတင် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သေနတ်နဲ့ပစ်တာ၊ ကောင်လေးတယောက် ခေါင်းကိုထိသွားတယ်။”
သေနတ်နဲ့ ခေါင်းကိုအပစ်ခံရတဲ့ လူငယ်ကို စစ်ကောင်စီတပ်က လူနာတင်ယာဥ်နဲ့တင်ပြီး ကျန်သုံးဦးကိုလည်း လက်ထိပ်ခတ်ကာ စစ်ကားနဲ့ ခေါ်ဆောင်သွားတယ်လို့ ဗိုလ်တထောင်ဘုရားအနီး နေထိုင်သူတွေဆီက သိရပါတယ်။
လတ်တလော ဖမ်းဆီးခံရတဲ့ လူငယ်လေးဦးနဲ့ ပတ်သက်ပြီး ဗိုလ်တထောင်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီတပ်အနေနဲ့ ဒီကနေ့မနက် ဖမ်းဆီးရမိတဲ့ လူငယ်လေးဦးမှာ အကြမ်းဖက်သမားတွေဖြစ်ပြီး လက်လုပ်ဗုံးတွေနဲ့ ဖမ်းမိခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီနေ့ မတ် ၆ ရက်နေ့ နေ့လယ်ပိုင်းက လူငယ် ၄ ဦးကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အဲ့ဒီထဲက ၁ ဦးကို စစ်ကောင်စီက ကားနဲ့ တိုက်ကာ အကြမ်းဖက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန်တဲ့သူ တွေကိုတော့ သူတို့နေထိုင်တဲ့ နေရာတွေမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၃ ရက်နညပိုင်းကလည်း တောင်ကြီးမြို့မှာ သတင်းပေးဒလန်ကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် လူငယ် ၃ ဦးထက်မနည်း ဖမ်းဆီးခံရပါသေးတယ်။
ဒီနေ့ဖမ်းဆီးမှုဖြစ်စဉ်ဟာ မတ် ၃ ရက် ဖမ်းဆီးမှုရဲ့ အဆက်ဖြစ်နိုင်ပြီး နောက်ထပ် ဖမ်းဆီးမှုတွေ ရှိနိုင်တယ်လို့ ဒေသခံတွေကြား ပြောဆိုကြပါတယ်။
ဒါ့အပြင် မတ် ၃ ရက်မှာပဲ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့က လူငယ်တစ်ဦးကိုလည်း PDF ကို ထောက်ပံ့တယ်လို့ သတင်းပေးတွေရဲ့ တိုင်တန်းမှုကြောင့် ဖမ်းဆီးခဲ့ပါသေးတယ်။
မတ်လ ပထမတစ်ပတ်ထဲမှာတင် တောင်ကြီးမြို့နဲ့ အနီးတစ်ဝိုက်က လူငယ် ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီးဖြစ်ပါတယ်။