close

လူငယ် ၉ ဦး ဖမ်းဆီးခံရ

close

April 5, 2022

မန္တလေးသပိတ်အင်အားစုက လူငယ် ၉ ဦး ဖမ်းဆီးခံရ

မန္တလေးမြို့မှာ  ဧပြီလ ၅ ရက် ဒီမနက်အစောပိုင်းက လူငယ်တွေနေထိုင်ရာ Safe House ၂ လုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး  အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၆ ယောက် စုစုပေါင်း ၉ ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေးသပိတ်အင်အားစုကနေ သိရပါတယ်။

Mdy Revolution အဖွဲ့ဝင်တဦးက " သူတို့က သပိတ်လူငယ်တွေပါ။  မနက်က  အဆက်အသွယ်မရလို့ ပတ်သက်နေတဲ့သူတွေ အချိန်မီ ရှောင်လို့ရအောင် အသိပေးချက်တင်ပေးလိုက်တာပေါ့။ အခုတော့ ပါသွားတာ သေချာသွားပါပြီ။ ညပိုင်း အချိန်အထိ အဆက်အသွယ်မရသေးဘူး”လို့ ဒီဗွီဘီကိုပြောပါတယ်။

စစ်ကောင်စီရဲ့ စီးနင်းဖမ်းဆီး ခံလိုက်ရသူတွေဟာ မန္တလေးသပိတ်အင်အားစုမှ ကိုဟိန်းမင်းဇော်၊ ကိုအောင်ဇော်မြင့်၊ ကိုနိုင်လင်းထွန်း၊ မသဲစု၊ ကိုကျော်စိုးမိုး၊ မဂျာဆိုင်းအောင်၊ ကိုကျော်မင်းထွန်း၊ ကိုထက်ကိုတို့ ဖြစ်ပြီး ကျန်တဲ့အမျိုးသမီး တယောက်ရဲ့ အမည်ကိုတော့ မသိရသေးပါဘူး။

အဆိုပါ လူငယ်တွေကို စစ်ကောင်စီက  လက်ရှိအချိန်အထိ ဘယ်မှာ ဖမ်းဆီးထားတယ်၊ ဘာအမှုနဲ့ အရေးယူထားတယ်ဆိုတာလည်း လတ်တလော မသိရသေးပါဘူး။

ဒီရက်ပိုင်း မန္တလေးမြို့အတွင်း မြို့ပြပြောက်ကျား အဖွဲ့တွေက တော်လှန်ရေးအရှိန်မြှင့်တင် မယ်လို့ ကြေညာထားသလို  စစ်ကောင်စီတပ် ဘက်ကလည်း လုံခြုံရေးတွေတင်းကျပ်ထားပြီး  ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေး နေတာဖြစ်ပါတယ်။

4 hours Ago
Up