မနေ့ညက ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ လိုင်ယွန်ပွဲစဉ်မှာ မက်ဆီကို လူစားလဲချိန် အဆင်မပြေဖြစ်ခဲ့ ပေမဲ့ ပွဲအပြီးမှာ အားလုံးပြေလည်သွားပြီလို့ နည်းပြပိုချက်တီနိုကပြောပါတယ်။
နည်းပြပိုချက်တီနိုဟာ လိုင်ယွန်နဲ့ တစ်ဂိုးစီသရေကျနေချိန်မှာ မက်ဆီကို ညာနောက်ခံလူ ဟာကီမီနဲ့ လူစားလဲခဲ့တာပါ။
လူစားလဲပြီးနောက် ကွင်းဘေးစည်းမှာ မက်ဆီက စိတ်ပျက်တဲ့အမှုအရာပြသခဲ့ပြီး ပိုချက်တီနိုကို လည်း လက်ဆွဲနူတ်ဆက်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၃ မိနစ်မှာ အနိုင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး အီကာဒီက သွင်းယူခဲ့တာဖြစ်ပါတယ်။
ပွဲအပြီး အင်တာဗျူးမှာတော့ အသင်းလူစာရင်းမှာ ၃၅ ဦးရှိပြီး အသင်းအတွက် အကောင်းဆုံးအစီအစဉ်ကို ဆုံးဖြတ်ချက်ချရကြောင်း၊ ထိပ်တန်းကစားသမားတွေအနေနဲ့ ကောင်းမွန်တဲ့ရလဒ်အတွက် ဦးဆောင်နိုင်တာရှိသလို တခါတလေမှာတော့ ရလဒ်ကောင်းရဖို့ မစွမ်းဆောင်နိုင်တာမျိုး ရှိတက်ကြောင်း နည်းပြ ပိုချက်တီနိုက ပြောပါတယ်။
ပွဲအပြီးမှာ မက်ဆီကို ဘာဖြစ်ခဲ့တာလဲလို့မေးမြန်ခဲ့ပြီး သူ့ဘက်က အဆင်ပြေတယ် လို့ ပြောခဲ့ကြောင်း ပိုချက်တီနိုက မီဒီယာတွေကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီနဲ့ ၃ ပွဲကစားအပြီးမှာ ဂိုးမသွင်းနိုင်သေးဘဲ ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။