close

လူထုအုံကြွမှု

close

November 22, 2022

အီရန်ဆန္ဒပြပွဲများ လူထုအုံကြွမှုဘက်ကူးပြောင်းနေဟု အစ္စရေးထောက်လှမ်းရေးပြော

အီရန်ကို လှုပ်ခတ်သွားစေတဲ့ ဆန္ဒပြပွဲတွေဟာ လူထုအုံကြွမှုဘက် ကူးပြောင်းနေတယ်လို့ အစ္စရေးစစ်တပ် ထောက်လှမ်းရေးအကြီးအကဲက နိုဝင်ဘာ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

“ဆန္ဒပြမှုတွေက လူကြိုက်များတဲ့ လူထုအုံကြွမှုနယ်ပယ်ကို အတိုင်းအတာတခုအထိ ကူးပြောင်းနေပြီလို့ ကျနော်ထင်ပါတယ်” လို့ အစ္စရေး စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးချုပ် အာဟာရွန် ဟာလီဗာက တဲလ်အဗီတက္ကသိုလ်ရဲ့ အမျိုးသားလုံခြုံရေး လေ့လာရေးဌာနကို ပြောခဲ့ပါတယ်။

“တချို့အဖြစ်အပျက်တွေကို ကြည့်လိုက်ရင် နိုင်ငံ့အဖွဲ့အစည်းတွေ ပျက်စီးဖို့၊ နိုင်ငံတော်ရဲ့ သင်္ကေတ၊ သေဆုံးမှု အရေအတွက်နဲ့ မတူကွဲပြားတဲ့ အဖြစ်အပျက်တွေက စစ်အစိုးရကို တော်တော်ဒုက္ခပေးတယ်။ ဒီအချိန်မှာတောင် စစ်အစိုးရအတွက် တကယ့်အန္တရာယ် မရှိသေးဘူးလို့ ကျနော်မြင်ပါတယ်” လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အကျင့်စာရိတ္တဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းထားချိန်မှာ အသက် ၂၂ နှစ်အရွယ် အီရန်ကာ့ဒ်အမျိုးသမီး မာဆာ အာမီနီ သေဆုံးမှုကြောင့် နိုင်ငံတဝန်း ဆန္ဒပြရာမှာ အီရန်နိုင်ငံရဲ့ ကာ့ဒ်လူမျိုး ၁၀ သန်း အများစုနေထိုင်ရာ ဒေသတွေမှာ အပြင်းထန်ဆုံး ဖြစ်ခဲ့တာပါ။

အီရန်နဲ့အတူ ဆယ်စုနှစ်များစွာကြာ စစ်အေးတိုက်ပွဲ ဖြစ်နေတဲ့ အစ္စရေးဟာ သူ့ရဲ့ မဟာရန်သူ အီရန်ရဲ့ အငြင်းပွားစရာ နျူးကလီးယားအစီအစဉ်ကို တားဆီးဖို့ ရည်ရွယ်တဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ သံခင်းတမန်ခင်းကို တင်းတင်းကျပ်ကျပ် ဆွဲဆောင်ဖို့ ကြိုးပမ်းနေသလို တိုးတက်မှုတွေကိုလည်း စောင့်ကြည့်နေခဲ့ပါတယ်။

4 mins Ago
Up