close

လူနင်းမိ

close

January 21, 2022

လိုက်ဘေးရီးယား၌ ညလုံးပေါက်ဝတ်ပြုဆုတောင်းပွဲအတွင်း လူနင်းမိပြီး ၂၉ ဦး သေဆုံး

လိုက်ဘေးရီးယားနိုင်ငံရဲ့မြို့တော် မွန်ရိုဗီယာမှာ ဇန်နဝါရီ ၁၉ ရက်ညက ခရစ်ယာန်ဘုရားကျောင်း စုဝေးပွဲ လူအုပ်ကြီးအတွင်း လူနင်းမိတာကြောင့် လူ ၂၉ ယောက် သေဆုံးတယ်လို့ ပြန်ကြားရေးဒုဝန်ကြီးက အစိုးရ ရေဒီယိုဌာနကို ဇန်နဝါရီ ၂၀ ရက်မှာ ပြောပါတယ်။

မြို့စွန်က နယူးခရူတောင်းမ်ရပ်ကွက်မှာ ညလုံးပေါက် ခရစ်ယာန်ဝတ်ပြုပွဲအတွင်း ခုလိုဖြစ်ခဲ့တာလို့ ဒုဝန်ကြီး ဂျာလာဝါ တွန်ပိုက ပြောပါတယ်။

၂၉ ယောက် သေဆုံးပြီး တချို့လူနာတွေက အသည်းအသန်အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

လုယက်ဖို့ ကြိုးစားတဲ့အနေနဲ့ လက်နက်ကိုင် ယောက်ျားတစုက လူအုပ်ထဲ အတင်းဝင်လာအပြီးမှာ လူတွေ ဝရုန်းသုန်းကား ပြေးလွှားရင်း လူနင်းမိကုန်တာလို့ အခင်းဖြစ်ရာမှာ ပွဲတက်နေခဲ့တဲ့ ဒေသခံ တယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဇိုဂေါ့စ်လို့သိကြတဲ့ လိုက်ဘေးရီးယား လမ်းသရဲ ဂိုဏ်းတွေဟာ ပုဆိန်တွေနဲ့ တခြား လက်နက်ငယ်တွေကို သုံးပြီး လုယက်မှုတွေကို ကျူးလွန်လေ့ ရှိပါတယ်။

ဒီဖြစ်ရပ်ရဲ့ အကြောင်းရင်းကို မှတ်ချက်ပေးဖို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ငြင်းဆိုပြီး စုံစမ်းစစ်ဆေးနေ ဆဲပဲလို့လည်း ပြောပါတယ်။ 

သမ္မတ ဂျော့ချ်ဝေးကတော့ တနိုင်ငံလုံး ဝမ်းနည်းခြင်း ကာလ ၃ ရက် ကြေညာခဲ့ပြီး ထိခိုက် သေဆုံးသူ မိသားစုတွေကို ကူညီဖို့ လိုက်ဘေးရီးယား ကြက်ခြေနီအသင်းနဲ့ ကပ်ဘေး စီမံခန့်ခွဲရေး အေဂျင်စီတို့ကို ဆော်ဩထားတယ်လို့ သမ္မတရုံးက ပြောပါတယ်။ 

2 mins Ago
Up