close

လူနာသစ် ၁၇၀၀

close

September 24, 2021

တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၇၀၀ ကျော်၊ ၇၇ ဦးထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၇၀၀ ကျော်ထပ်တွေ့ပြီး  ၇၇ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၉,၇၇၅ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၇၄၄ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၈ ဒသမ ၈၁ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ရောဂါပြန်လည် ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်က တော့ ၁,၆၉၆ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၇,၃၄၃ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၅၃,၄၀၇ ယောက် ရှိနေပါတယ်။

လတ်တလော ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင် ကျောင်းတွေ ပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက်အဖြစ် အခုစက်တင်ဘာလကုန်အထိ တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထား ပါတယ်။  ဒါ့အပြင် ရောဂါကူးစက်မှုများတဲ့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၂၀ ကျော်ကို လည်း Stay At Home အမိန့်ထုတ်ထားပါတယ်။

3 mins Ago
Up