close

လူနာသစ် ၄၅ ဦး

close

November 7, 2022

မြန်မာတွင် တရက်တည်း ကိုဗစ်-၁၉ လူနာသစ် ၄၅ ဦး ထပ်မံတွေ့ရှိ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၄၅ ယောက် ထပ်မံပြီးတော့ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက် ည ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၇,၈၃၁ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၄၅ ယောက် တွေ့ရှိရတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၅၇ ရာခိုင်နှုန်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ တယောက်မှ မရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၈၅ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၃၂,၂၇၄ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၆၀၆,၄၈၅ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့   ကိုဗစ်-၁၉ အသစ်ဖြစ်ပွားမှုဟာ တကမ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကား သတင်းထုတ်ထားပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမယ့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာဆောင်ရွက်ကြဖို့ အထူးအရေးကြီး တယ်လို့ NUG အစိုးရက တိုက်တွန်းထားပါတယ်။

2 mins Ago

September 5, 2020

ရန်ကုန်တိုင်းက ၃၈ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၄၅ ဦး ထပ်မံတွေ့ရှိ

ရန်ကုန်တိုင်း ၁၁ မြို့နယ်က ၃၈ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၄၅ ဦး ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) က ဓာတ်ခွဲနမူနာ ၇၇၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၁၆၃ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့က ၁၁၆ ခု၊ ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့က ၂ ခု၊-အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) က ၁၅၂ ခု၊ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) နေပြည်တော်က ၃၂၅ ခုတို့အား ဒုတိယသုတ်အဖြစ် ထပ်မံ စစ်ဆေးပြီးစီးခဲ့ပြီး လူနာသစ် ၄၅ ဦး တွေ့ရှိခဲ့တာပါ။ ရန်ကုန်တိုင်းမှာတော့ တောင်ဥက္ကလာမြို့နယ်က ၁၂ ဦး၊ လှိုင်သာယာက ၆ ဦး၊ ဒဂုံမြို့နယ်က ၅ ဦး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) က ၃ ဦး။ တာမွေ၊ စမ်းချောင်း၊ သင်္ဃန်းကျွန်း၊ လှိုင်နဲ့ မြောက်ဥက္ကလာမြို့နယ်တို့က ၂ ဦးစီ။ သန်လျင်နဲ့ မရမ်းကုန်းမြို့နယ်တို့က ၁ ဦးစီ စုစုပေါင်း ၃၈ ဦး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာတော့ စစ်တွေမြို့က ၂ ဦး။ ပုဏ္ဏားကျွန်း၊ မြောက်ဦးနဲ့ ရသေ့တောင်မြို့နယ်တို့က ၁ ဦးစီနဲ့ ရှမ်းပြည်နယ် ကလောနဲ့ ပဲခူးတိုင်း ကဝမြို့နယ်တို့က ၁ ဦးစီ ဖြစ်ပါတယ်။ ကလောမြို့နယ်က ပိုးတွေ့လူနာကတော့ ရခိုင်ပြည်နယ် ခရီးသွားရာဇဝင် ရှိတာကြောင့် အသွားအလာကန့်သတ်ထားသူဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မနေ့ညက ဓာတ်ခွဲနမူနာ ၁,၆၄၂ ခုအား စစ်ဆေးရာမှာလည်း  ရန်ကုန်တိုင်းက ၁၄ ဦး၊ ရခိုင်ပြည်နယ်က ၇ ဦး၊ နေပြည်တော်က ၇ ဦး၊   မန္တလေးတိုင်း မြင်းခြံက ၈ ဦး၊ ဧရာဝတီတိုင်း ပုသိမ်က ၁ ဦး၊ မွန်ပြည်နယ် ကျိုက်ထိုက ၁ ဦး၊ စုစုပေါင်း ၃၈ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မနေ့ညနဲ့ ဒီနေ့မနက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၃,၁၇၅ ခုအား စစ်ဆေးခဲ့ပြီး စုစုပေါင်း လူနာသစ် ၈၃ ဦး တွေ့ရှိခဲ့တာပါ။ မြန်မာနိုင်ငံမှာ စက်တင်ဘာ ၅ ရက်မနက် ၈ နာရီအထိ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၂၁၆ ဦး၊ သေဆုံးသူ ၇ ဦး၊ နှစ် ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၅၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၅၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ်  ၉၈  ဦးရှိပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၈၇၀၀၀၀ သိန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၁၈ ဒသမ ၈ သန်းကျော် ရှိတယ်လို့ သိရပါတယ်။
2 years Ago
Up