close

လူနေအိမ်

close

March 11, 2023

ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ကျေးရွာတွင် လူနေအိမ် ၄၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက မတ်လ ၉ ရက်မွန်းလွဲ ၁ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ဝင်ရောက်လာပြီး လူနေအိမ် ၄၀၀ ကျော်ကို  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ကျောက်မှော်ရွာဟာ အိမ်ခြေ ၆၀၀ ရှိတဲ့ ကျေးရွာဖြစ်ပြီး အိမ်ခြေ ၄၀၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။ ကျေးရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းဟာ အင်အား ၈၀ ပါ စစ်ကြောင်းဖြစ်ပြီး ထီးချိုင့်မြို့ကနေ မတ်လ ၈ ရက်က ထွက်လာတာလို့ သိရပါတယ်။

ဒေသခံရွာသားတဦးက “ နေ့လယ် ၁ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ပြီးဝင်လာတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ရွာနားမှာ မိုင်းကွဲတာတွေလည်းမရှိဘူး။ အဲတာကို ရွာထဲဝင်လာပြီးတော့ နေအိမ်တွေကို မီးရှို့သွားတယ်၊ အိမ်ပေါင် ၄၀၀ ကျော်လောင်သွားတယ်၊ တော်တော်များများ လောင်သွားတာ” လို့ ပြောပါတယ်။

ရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းဟာ နယ်မြေရှင်းလင်းရေးနဲ့ စစ်ကောင်စီ ကားယာဉ်တန်းလုံးခြုံရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဖြစ်တယ်လို့ သိရပါတယ်။ 

မန္တလေးကတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကိုလည်း မတ်လ ၁၀ ရက်ညနေ ၄ နာရီခွဲလောက်မှာ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကားတစ်စီးပျက်စီးသွားပေမေဲ့ တခြားလူတွေတော့  ထိုက်တာရှိမရှိ သိရသေးဘူးလို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဉီးကပြောပါတယ်။

“မန္တလေးဘက်ကနေ တက်လာတဲ့ ယာဉ်တန်းကို ရင်ခွဲတောင်အတက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေလလည်းရှိတယ်။ ကားတစ်စီးတော့ ပျက်စီးသွားတယ်၊ တခြားတော့ အခြေအနေမသိရသေးဘူး” လို့ပြောပါတယ်။

စစ်ကောင်စီ ယာဉ်တန်းမှာ ကားအစီးရေ ၄၆ စီးပါဝင်ပြီးတော့ ကသာမြို့နယ်ကို ဉီးတည်သွားနေတယ်လို့ သိရပါတယ်။ ကားယာဉ်တန်းမှာ စစ်ကောင်စီတပ်သားအင်အားနဲ့ လက်နက်ခဲယမ်းအများအပြား တင်ဆောင်ထားတယ်လို့ သိရပါတယ်။

မီးရှို့ခံရတဲ့ ကျေးရွာဟာ ထီးချိုင့်မြို့ကနေ  ၄ မိုင် အကွာမှာရှိတဲ့ ကျေးရွာဖြစ်ပြီး ကျေးရွာပြည်သူတွေက ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်။ 

3 hours Ago

March 5, 2023

တနင်္သာရီတိုင်း၌ ၂ နှစ်အတွင်း လူနေအိမ် ၄၃၀ ကျော်မီးရှို့ခံရ၊ တိုက်ပွဲ ၃၅၈ ကြိမ်ဖြစ်၊ အရပ်သားသေဆုံးသူ ၃၉၄ ဦးရှိ

စစ်အာဏာသိမ်းပြီး ၂ဝ၂၁ စက်တင်ဘာကနေ ၂ဝ၂၃ ဖေဖော်ဝါရီအထိ တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက နေအိမ်အလုံးပေါင်း ၄၃၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Southern Monitor က ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း ပုလောမြို့နယ်မှာ နေအိမ် ၃၂၈ လုံး၊ သ‌ရက်ချောင်းမြို့နယ်မှာ နေအိမ် အလုံး ၄ဝ၊ ထားဝယ်မြို့နယ်မှာ ၂၆ လုံး၊ တနင်္သာရီမြို့နယ်မှာ အလုံး ၂ဝ၊ လောင်းလုံးမြို့နယ်မှာ နေအိမ် ၉ လုံး၊ ရေဖြူမြို့နယ်မှာ နေအိမ် ၈ လုံး၊ ဘုတ်ပြင်းမြို့နယ်မှာ နေအိမ် ၃ လုံး နဲ့ မြိတ်မြို့နယ်မှာ နေအိမ် ၁ လုံးတို့အား စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ထားဝယ်မှာ နေအိမ် ၄ လုံး၊ လောင်းလုံးမှာ နေအိမ် ၁ လုံးနဲ့ ပုလောမြို့နယ်မှာ နေအိမ် ၂ဝ၁ လုံးတို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မီးရှို့တဲ့ဖြစ်စဉ်တွေမှာ စစ်ကောင်စီတပ် ယာဉ်တန်းမိုင်းဆွဲခံရတာတွေအပြင် နှစ်ဖက်တိုက်ပွဲကြောင့် အနီးရှိကျေးရွာက နေအိမ်တွေကို မီးရှို့တာနဲ့ စစ်ကြောင်းထိုးဝင်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးတဲ့အခါ ကျေးရွာ နေအိမ်တွေကို မီးရှို့တာတွေ ပြုလုပ်ခဲ့တာလို့ Southern Monitor ကနေထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် အဆိုပါ မြို့နယ်တွေရှိ မီးရှို့ခံရတဲ့ ကျေးရွာများထဲက ဒေသခံတွေဟာ အိုးအိမ်စည်းစိမ်တွေကိုစွန့်ခွာပြီး နီးစပ်ရာ ဘေးကင်းတဲ့နေရာ‌တချို့နဲ့ စစ်ရှောင်စခန်း‌တချို့မှာ သွားရောက်နေထိုင်နေကြရတယ်လို့ သိရပါတယ်။

Southern Monitor က စုစည်းထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အရပ်သားသေဆုံးသူ စုစုပေါင်း ၃၉၄ ဦး၊ အရပ်သား ဒဏ်ရာရသူ ၁၄၆ ဦးရှိခဲ့ပြီး အရပ်သားထိခိုက်မှု စုစုပေါင်း ၅၄၀ ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။

အရပ်သားထိခိုက်မှုအများဆုံးက လောင်းလုံးမြို့နယ်ဖြစ်ပြီး အရပ်သားသေဆုံးသူ စုစုပေါင်း ၁၀၇ ဦး နဲ့ အရပ်သား ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့ပါတယ်။ အလားတူ ရေဖြူ၊ ထားဝယ်၊ ပုလော၊ သရက်ချောင်းမြို့နယ်တွေမှာလည်း အရပ်သားထိခိုက်မှု များပြားတာတွေ့ရပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ တိုက်ပွဲဖြစ်စဉ် ၃၅၈ ကြိမ်၊ ဗုံးကွဲခြင်း၊ မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း ဖြစ်စဉ် ၂၄၃ ကြိမ်နဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ အရပ်သားထိခိုက်မှုဖြစ်စဉ် ၃၉၇ ကြိမ်၊ စုစုပေါင်း အကြမ်းဖက်ပဋိပက္ခဖြစ်စဉ် ၉၉၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်းလည်း Southern Monitor အဖွဲ့က မှတ်တမ်းပြုစုထားပါတယ်။

ဖြစ်စဉ်အများစုဟာ ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်အတွင်းက မြို့နယ်တွေမှာ အများဆုံးဖြစ်ပွား ခဲ့တာဖြစ်ပြီး ကော့သောင်းခရိုင်မှာတော့ ဖြစ်စဉ်အရေအတွက် နည်းပါးတာတွေ့ရပါတယ်။

လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းများအားလုံးအနေနဲ့ အရပ်သားထိခိုက်မှုအ နည်းဆုံးဖြစ်အောင် စစ်ရေးကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လိုက်နာကြဖို့ Southern Monitor အဖွဲ့က တိုက်တွန်းပါတယ်။

6 days Ago
Up