close

လူမှုကယ်ဆယ်ရေးအဖွဲ့

close

March 21, 2022

ဧရာဝတီတိုင်းတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် လူမှုကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိ

နာဂစ်မုန်တိုင်းဖြစ်ပွားပြီး ၁၃ နှစ်အကြာမှာ ဧရာဝတီတိုင်းကို ဦးတည်လာတဲ့ မုန်တိုင်းကြောင့် ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေရော ဧရာဝတီတိုင်းပြင်ပက ကယ်ဆယ်ရေးအဖွဲ့တွေပါ မုန်တိုင်းကြောင့် နောက်ဆက်တွဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ 

ရန်ကုန်တိုင်းအခြေစိုက် သုခကာရီလူမှုကူညီရေးအဖွဲ့ မုန်တိုင်းနောက်ဆက်တွဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဧရာဝတီတိုင်း ဟင်္သာတကို ရောက်ရှိနေပြီး ကြိုတင်ပြင်ဆင်နေပြီလို့ အသင်းဥက္ကဋ္ဌ မရွှေမှုံက ဒီဗွီဘီကိုပြောပါတယ်။ 

ဧရာဝတီတိုင်းကို မုန်တိုင်းဝင်မယ့်အခြေအနေကို တိုင်းပြင်ပ လူမှုကယ်ဆယ်ရေးအသင်း အင်အားအဖွဲ့တွေအားလုံး စောင့်ကြည့်နေပြီး တိုင်းအတွင်းက အဖွဲ့တွေအားလုံးကတော့ ကြိုတင်ပြင်ဆင်ထားပြီလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ အရင်က နာဂစ်မုန်တိုင်းနဲ့ ကြုံခဲ့ဖူးတာကြောင့် သတိက ပိုတယ်မရှိသလို ပြည်သူတွေအနေနဲ့ မျက်ခြည်မပြတ် စောင့်ကြည်သင့်ပြီး လိုအပ်တာတွေကို ဆောင်ထားသင့်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေက သတိပေးပြောဆိုပါတယ်။ 

လက်ရှိအချိန်ထိ ကမ်းခြေဒေသတွေမှာ မိုးအုံ့ပြီး ရေတက်နေပြီး တခါတရံ မိုးရွာတာတွေရှိပေမယ့် လေပြင်းပြင်း တိုက်ခတ်တာမျိုးတွေ မရှိသေးဘူးလို့ ကမ်းခြေဒေသခံတွေက ပြောပါတယ်။

မီးသတ်တပ်ဖွဲ့က ရွာတွေဘက်ကို မုန်တိုင်းသတင်းနဲ့ပတ်သက်ပြီး လိုက်အော်တာမျိုးတွေ ရှိနေပေမဲ့ ကြိုတင်ပြင်ဆင်တာမျိုးတော့ မတွေ့မိသေးဘူးလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းက လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေနဲ့တော့ ကမ်းခြေဒေသတွေကို အဓိကထားပြီး ကူညီကယ်ဆယ်တာတွေ ပြုလုပ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားပြီလို့ ဘက်စုံပရဟိတဆရာတော်က ပြောပါတယ်။ 

မုန်တိုင်းဒဏ်ကြောင့် သဘာဘေးအန္တရာယ်နဲ့ ရင်ဆိုင်လာရရင် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ကြိုးတွေ၊ ဟန်စောတွေ၊ ဓားတွေနဲ့ ပုဆိန်တွေကို အဆင်သင့် ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ 

သီးခြားလွတ်လပ်တဲ့ မိုးလေဝသပညာရှင်တွေကတော့ မုန်တိုင်းဟာ ဧရာဝတီုင်း ဟိုင်းကြီးနဲ့ မော်တင်စွန်းကြားကနေဖြတ်ပြီး ဝင်ရောက်နိုင်တယ်လို့ သတိပေးပြောဆိုနေပေမယ့် စစ်ကောင်စီ လက်အောက်ခံ မိုးလေဝသဌာနကတော့ ခုချိန်ထိ မုန်တိုင်း ဘယ်ကနေ ဖြတ်သန်း ဝင်ရောက်နိုင်တယ်ဆိုတာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

မီးသတ်ဌာနကတော့ ဒေသခံပြည်သူတွေကို မုန်တိုင်းအန္တရာယ် သတိထားဖို့ လိုက်လံကြေညာတာတွေ ရှိပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ မထိရောက်မှာကို ပြည်သူတွေအနေနဲ့ စိတ်ပူနေကြတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

12 mins Ago

July 10, 2020

မွန်ပြည်နယ်အစိုးရ သဘာဝဘေးကို စာရွက်အပေါ် ပြင်ဆင်တာထက် မြေပြင်တွင်လုပ်ရန် လိုအပ်ဟုဆို

မွန်ပြည်နယ် အစိုးရအနေနဲ့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရာမှာ စာရွက်အပေါ် ပြင်ဆင်တာထက် မြေပြင်မှာ ဆက်တိုက် လေ့ကျင့်တာတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။  မွန်ပြည်နယ်ဟာ ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် ရေကြီးရေလျှံတာ၊ မြေပြိုတာအပြင် လေဆင်နှာမောင်းဒဏ်ကို အလူအလဲ ခံစားခဲ့ရပါတယ်။ ဒါအပြင် မနှစ်ကဆိုရင် ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေကြောင့် လူပေါင်း ၈၀ သေဆုံးထားတာပါ။ အဲလို အခြေအနေတွေကြောင့် ပြည်နယ် အစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင် ထားပြီး သဘာဝဘေး တုံ့ပြန်ရေး ကော်မတီကိုလည်း ပြန်လည်မွမ်းမံ ဖွဲ့စည်းထားတာပါ။ ဒါပေမယ့် မွန်ပြည်နယ် အစိုးရရဲ့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရာမှာ လူမှု ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီး လတ်တလော အခြေအနေမှာတော့ သဘာဝဘေး ကြိုတင်ပြင်ဆင်မှုမှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတာ မရှိဘူးလို့ ကျိုက်ဖနဲ အမှတ် ၁၆ လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရွှေက ပြောပါတယ်။ မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရာမှာ လူမှု ကယ်ဆယ်ရေးအဖွဲ့တွေကိုပါ ကော်မတီအရပ်ရပ်မှာ ထည့်သွင်းဖွဲ့စည်းထားတဲ့အပြင် ပြည်နယ်တဝှမ်း ဘေးဒဏ်ခံ အဆောက်အဦ တည်ဆောက်တာနဲ့ စားနပ်ရိက္ခာဝယ်ယူ စုဆောင်းနေတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။ မွန်ပြည်နယ် အစိုးရအနေနဲ့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရာမှာ ရေကြီးရေလျှံတာတွေ ဖြစ်ရင် သုံးဖို့ မြို့နယ် ၁၀ မြို့နယ် စလုံးကို စက်လှေတွေ ဖြန့်ဝေပေးထားတယ်လို့ ဆိုပါတယ်။ မွန်ပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် သဘာဝဘေးကြောင့် လူပေါင်း ၈၀ အထိ သေဆုံးခဲ့တာ ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုအနေနဲ့ ကျပ်သိန်း ၁၂၀၀၀ လောက် ရှိတယ်လို့ သိရပါတယ်။  ဇော်လွင်ထွဋ်
2 years Ago
Up