close

လူမှုကွန်ရက် အသုံးပြုသူ

close

March 4, 2022

မအူပင်တွင် လူမှုကွန်ရက်သုံးသည့် ဆိုက်ကားဆရာအပါအဝင် ပြည်သူ ၁၀ ဦးကျော် ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မတ်လ ၂ ရက်ညပိုင်းက  ဆိုက်ကားဆရာ အပါအဝင် ပြည်သူ ၁၀ ဦးကျော်ကို လူမှုကွန်ရက် အသုံးပြုလို့ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။

လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီ သတင်းပေးတွေရဲ့ အချက်လက်တွေကို ဖော်ပြတာနဲ့ပတ်သက်ပြီး အကောင့်ပိုင်ရှင်ကို မသိတာကြောင့် တွေ့ရာကြုံရာလူကို လိုက်လံဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ဒလန်အကောင့်တွေနဲ့ အချက်လက်တွေကို တင်ပေးနေတဲ့ Aye Hero ဆိုတဲ့ အကောင့်ကို မသိတော့ ထင်တဲ့သူ လိုက်ဖမ်းနေတာ။ ဘာမှမဆိုင်တဲ့သူတွေ အကုန်ဖမ်းနေတာ။ နောက်ဆုံး ဆိုက်ကားနင်းတဲ့သူတွေ၊ ပရဟိတသမားတွေပါ ဖမ်းနေတာ” လို့ ပြောပါတယ်။

မတ်လ ၂ ရက် တညတည်းမှာတင် အမှတ် ၅ ရပ်ကွက်က ၂ ဦး၊ ခိုင်သစ္စာလမ်းက ၁ ဦး၊ ကွမ်းယာဆိုင်က ၁ ဦးနဲ့ ၅ ရပ်ကွက်က ၁ ဦး စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးတာ ခံခဲ့ရပြီး တလတည်းမှာတင် အယောက် ၂၀ ကျော်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံ ဒေသအနှံ့မှာ  လူမှုကွန်ရက်အသုံးပြုသူတွေကို စစ်ကောင်စီက နေ့စဉ်ဖမ်းဆီးနေရာမှာ  တလကျော်ကာလအတွင်း ဖမ်းဆီးခံရသူတွေ  ရာနဲ့ချီရှိနေပြီဖြစ်ပါတယ်။

2 mins Ago
Up