ကိုလံဘီယာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်းက နာရီ ၆၀ တိုင်းမှာ လူ့အဖွဲ့အစည်းဆိုင်ရာ တက်ကြွလှုပ်ရှားသူ တယောက် အသတ်ခံခဲ့ရတယ်လို့ ကိုလံဘီယာ တရားဝင် ပြည်သူ့အာဏာပိုင် လူ့အခွင့်အရေးအဖွဲ့ကြီး အွန်မ်ဘတ်စ်မန်က အစီရင်ခံစာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
၂၀၂၁ ခုနှစ်အတွင်း ကိုလံဘီယာနိုင်ငံမှာ လူ့အခွင့်အရေး ခုခံကာကွယ်သူ၊ လူ့အဖွဲ့အစည်း ခေါင်းဆောင်၊ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေနဲ့ တခြားလူတွေ အပါအဝင် လူမှုခေါင်းဆောင် ၁၄၅ ယောက် အသတ်ခံခဲ့ရတယ်လို့ အွန်ဘတ်စ်မန်က ဇန်နဝါရီ ၁၇ ရက်မှာ ပြောပါတယ်။
ဒါဟာ ၂၀၂၀ ပြည့်နှစ်က အသတ်ခံရသူဦးရေ ၁၈၂ ဦးကနေ လျော့ကျလာတာလို့လည်း ဇန်နဝါရီ ၁၉ ရက် ရိုက်တာသတင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ကိုလံဘီယာမှာ အသတ်ခံရတဲ့ လူ့အဖွဲ့အစည်းခေါင်းဆောင် ဦးရေဟာ သတင်းရင်းမြစ်အပေါ် မူတည်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကွဲလွဲလေ့ရှိပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကတော့ ၂၀၂၁ မှာ ကိုလံဘီယာနိုင်ငံအတွင်း လူ့အခွင့်အရေးကာကွယ်သူ ၇၈ ယောက် အသတ်ခံရတယ်လို့ အရင်အပတ်က အတည်ပြုပါတယ်။
ဒါပေမဲ့ ဒေသခံလူ့အခွင့်အရေးအုပ်စု ဖြစ်တဲ့ အင်ဒေပက်စ်အုပ်စုကတော့ ၁၇၁ ယောက် အသတ်ခံရတာလို့ အစောပိုင်းက ပြောပါတယ်။
အစိုးရကတော့ လက်ဝဲယိမ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ပြောက်ကျားစစ်သည်တွေ၊ ၂၀၁၆ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မခံတဲ့ ဖားသူပုန် အဖွဲ့ဝင်ဟောင်းတွေ၊ လက်ယာယိမ်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းတွေက မူးယစ်ကုန်ကူးမှု ကွန်ရက်တွေနဲ့ တရားမဝင် သတ္တုတူးဖော်ရေး ဧရိယာတွေကို ထိန်းချုပ်ဖို့ တက်ကြွလှုပ်ရှားသူတွေကို တိုက်ခိုက်နေတယ်လို့ ပြောဆို အပြစ်တင်ထားပါတယ်။