close

လူမှုဖူလုံရေး

close

May 1, 2023

ရွှေ့ပြောင်းလုပ်သားများ အထောက်အထားနှင့် လူမှုဖူလုံရေး ပြေလည်အောင် ဆောင်ရွက်ပေးရန် တောင်းဆို

ဒီကနေ့ မေလ ၁ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့(မေဒေး) ကို  ထိုင်းနိုင်ငံတဝန်းမှာ ကျင်းပခဲ့ပြီး ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေလည်း ထိုင်းအလုပ်သမားတွေနဲ့ ပူးပေါင်းဆင်နွှဲသလို မိမိဘာသာ သီးသန့်ကျင်းပတာလည်း ရှိပါတယ်။ 

မြန်မာနိုင်ငံသားတွေ အမြောက်အမြား ဝင်ရောက်လုပ်ကိုင်နေတဲ့ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာဆိုရင် ခရိုင်အလုပ်သမားရုံးနဲ့ စက်ရုံအလုပ်ရုံတို့ပူးပေါင်းပြီး မယ်ပရပ်ကွက် ဧကဖစ်ကုမ္ပဏီရှေ့မှာ အလုပ်သမားနေ့အခမ်းအနား ကျင်းပခဲ့ပါတယ်။ 

အခမ်းအနားကို “အလုပ်သမား စည်းလုံးညီညာ ဘေးကင်းစွာ စီးပွားတိုးတက် မူးယစ်ဆေးကင်းစင်” ဆိုတဲ့ခေါင်းစဉ်နဲ့ ကျင်းပပြီး ပညာပေးပြခန်း၊ အလှမယ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲတွေပါ ထည့်သွင်းကာ တာ့ခ်ခရိုင်ဝန်၊ ခရိုင်ကြက်ခြေနီဦးစီးမှူးနဲ့ ခရိုင် အလုပ်သမားရုံးက တာဝန်ရှိသူတွေ လာရောက်ပြီး အလုပ်သမားနေ့ ဂုဏ်ပြုမိန့်ခွန်းတွေ ပြောကြားသွားပါတယ်။ 

တချိန်တည်းမှာပဲ  မြို့တွင်းနဲ့အလှမ်းဝေးတဲ့ အောက်ခြေအလုပ်သမားတန်းလျား၊ စိုက်ပျိုးရေး အလုပ်သမားတန်းလျားမှာလည်း ဆွေးနွေးပွဲကျင်းပကာ အလုပ်သမား လိုလားချက်တွေ ကောက်ခံပြီး ထိုင်းအစိုးရကို စာပေးပို့သွားမယ်လို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။ 

“မြို့ထဲမှာတော့ ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ ကျင်းပတာပေါ့။ ကျနော်တို့ကတော့ မပြည့်စုံတဲ့ အလုပ်သမားတွေကြား ကွင်းဆင်းပြီး အသိပညာပေးဆွေးနွေးပွဲ လုပ်တယ်၊ အလုပ်သမားနေ့ ဆိုပေမဲ့ ထိုင်းရဲကလည်း အဖမ်းအဆီးကြမ်းတော့ အထောက်အထား မပြည့်စုံသူတွေအတွက် သွားရလာရမလွယ်ကူဘူး၊ ဒါကြောင့် သူတို့ဆီ သွားတယ်။ မဲဆောက်မြို့ တောင်ဘက်မှာ တနေရာ၊ မြောက်ဘက်မှာ တနေရာ သွားလုပ်တယ်။ ပြီးတော့ သူတို့အခက်အခဲနဲ့ ဆန္ဒတွေ ကောက်ခံတယ်၊ ပြီးရင် လူ့အခွင့်အရေးအဖွဲ့ကနေတဆင့် ထိုင်းအစိုးရကို တောင်းဆိုစာပေးပို့ဖို့ပါခင်ဗျ။”

အဆိုပါဆွေးနွေးပွဲကနေ ရွှေ့ပြောင်းအလုပ်သမားလုပ်အားခ ထိုင်းအလုပ်သမားတွေနဲ့ တန်းတူရရေး၊ တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့အညီ လုပ်အားခတိုးပေးရေး၊ လူမှုဖူလှုံရေးခံစားခွင့်၊ အလုပ်ရှင်နဲ့နေရာ‌ အပြောင်းအရွှေ့မှာ လုပ်ငန်းစဉ် လွယ်ကူမြန်ဆန်အောင် ဆောင်ရွက်ပေးဖို့၊ လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုတွေမှာ လျော်ကြေးအမြန်ရရှိရေး၊ အလုပ်သမားမှတ်ပုံတင် အထောက်အထား ကုန်ကျစရိတ် လျှော့ပေါ့ပေးဖို့၊ ထိုင်းရဲတွေရဲ့ ဖမ်းဆီးငွေညှစ်မှုတွေ နှိမ်နင်းပေးဖို့၊ ကိုယ်ဝန်ဆောင်အလုပ်သမတွေကို အလုပ်ထုတ်ပစ်တာတွေ မလုပ်ဖို့၊ ရွှေ့ပြောင်းလုပ်သား ရင်သွေးငယ်တို့ရဲ့ ကျောင်းစရိတ်တွေ လျှော့ချပေးဖို့ စတဲ့အချက်တွေ တောင်းဆိုကြတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။ 

ထိုင်းအလယ်ပိုင်း စမွတ်စခွန်းခရိုင် မဟာချိုင်က MWRN ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ဦးဆောင်တဲ့ မြန်မာအလုပ်သမားတွေဟာလည်း ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ထိုင်းတောင်ပိုင်း ဟတ်ယိုင်မြို့ရှိ ထိုင်းအလုပ်သမားသမဂ္ဂနဲ့ ပူးပေါင်းကာ မေဒေးနေ့ အခမ်းအနားချီတက်ပြီး အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုခဲ့ပါတယ်။ 

အဓိကမှာ  မြန်မာအလုပ်သမားတွေ  အခက်အခဲဖြစ်နေတဲ့ ဗီဇာသက်တမ်းတိုးတဲ့ကိစ္စ မြန်မာပြည် ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံမှာပဲ လုပ်ပေးဖို့၊ အလုပ်သမားတဦးရဲ့ လုပ်အားခဟာ မိသားစုဝင်တွေအတွက်ပါ ဖူလုံဖို့၊ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ရဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

ချင်းမိုင်ခရိုင်က ရွှေ့ပြောင်းအလုပ်သမားတွေလည်း ထိုင်းအလုပ်သမားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မေဒေးနေ့ကို ဆင်နွှဲခဲ့ပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO က သတ်မှတ်ထားတဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပပဒေတွေအတိုင်း လိုက်နာကျင့်သုံးဖို့၊ အလုပ်သမားလို့ ဆိုရာမှာ လမ်းဘေးဈေးသည်တွေ၊ အစားအသောက်ပို့သမားတွေ၊ ဖျော်ဖြေရေးဆိုင်ရာ အလုပ်သမား၊ ပြည့်တန်ဆာ၊ အိမ်ဖော်၊ ရွှေ့ပြောင်းလုပ်သား စတာတွေကို ခွဲခြားမှုမရှိဘဲ ဥပဒေနဲ့ ပြဋ္ဌာန်းကာကွယ်ပေးဖို့ စတာတွေ တောင်းဆိုခဲ့ပါတယ်။ 

ဒါ့အပြင် လူမှုဖူလုံရေးရန်ပုံငွေမှာ အသက် ၆၀ ပြည့်အလုပ်သမားတွေလည်း ဆက်လက်ပါဝင်ခွင့်ရဖို့၊ လူမှုဖူလုံရေးရန်ပုံငွေမှာ အလုပ်သမားတွေအတွက် အရေးပေါ်ရန်ပုံငွေ ထားရှိဖို့၊ လုပ်အားခကို ထိုးတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ လိုက်လျောညီထွေ တိုးမြှင့်ပေးဖို့ စတဲ့အချက်တွေလည်း ပါပါတယ်။ 

ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အလုပ်ရှင်မလိုဘဲ မိမိဘာသာ အလုပ်သမားမှတ်ပုံတင် လျှောက်ထားခွင့်ပေးဖို့၊ အလုပ်သမားကတ်၊ နေထိုင်ခွင့်ကတ်တွေ ဆောင်ရွက်ရာမှာ ဟိုရုံး ဒီရုံး ပြေးစရာမလိုဘဲ တနေရာတည်းအပြီး OSSC  (One Stop Service Center) ပုံစံနဲ့ ပြန်လည်ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ 

ဒီ ၂၀၂၃ မေဒေးနေ့ တောင်းဆိုချက်မှာ စုစုပေါင်း ၁၇ ချက်ရှိပြီး လမ်းလျှောက်ချီတက်ကာ  ခရိုင်ဝန်ရုံးကို လမ်းလျှောက်ချီတက်ကာ တာဝန်ရှိသူတွေထံ ပေးပို့ခဲ့ပါတယ်။ 

ဒီညနေပိုင်းမှာလည်း ချင်းမိုင်ညဈေးအနီး ချန့်ခလန်လမ်းပေါ်ရှိ ဆိုင်တဝမ်းမီးပွိုင့်မှာ နိုင်ငံတကာအလုပ်သမားနေ့ ဟောပြောပွဲ၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ ပြဇာတ်သရုပ်ဖော်ပွဲတွေ တင်ဆက်သွားမယ်လို့ အခမ်းအနားဖြစ်မြောက်ရေးမှာ ပါဝင်သူ မက်ပ်ဖောင်ဒေးရှင်းအဖွဲ့ဝင်က ပြောပါတယ်။ 

ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားကလည်း “အလုပ်သမားဆိုတာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့သူတွေ ဖြစ်တယ်၊ တနှစ်ပတ်လုံး ကိုယ်စွမ်းအား ဉာဏ်စွမ်းအားရှိသလောက် ကြိုးစားပမ်းစားလုပ်ကိုင်လာခဲ့တဲ့ စက်ရုံ အလုပ်ရုံ လုပ်သား၊ စိုက်ပျိုးရေးအလုပ်သမား အပါအဝင် အလုပ်သမားအားလုံးကို ကျေးဇူးတင်တယ်၊ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကာလတွေမှာ ထိုင်းနိုင်ငံအနေနဲ့ အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တယ်” လို့ မေဒေးနေ့ နှုတ်ခွန်းဆက်စကားမှာ ပြောကြားသွားပါတယ်။

4 hours Ago

September 23, 2021

ထိုင်းအစိုးရက အလုပ်ရှင်၊အလုပ်သမားများ၏ လူမှုဖူလုံရေးထည့်ဝင်ကြေး ထက်ဝက်နီးပါး လျှော့ချ

ထိုင်းနိုင်ငံမှာ အစိုးရက စက်တင်ဘာလကနေ နိုဝင်ဘာလအထိ အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ လူမှုဖူလုံရေးထည့်ဝင်ကြေးတွေကို ၅ ရာခိုင်နှုန်းကနေ ၂ ဒသမ ၅ ရာခိုင်နှုန်းထိ ထက်ဝက်နီးပါး လျှော့ချပေးသွားဖို့ အတည်ပြုလိုက်ပါတယ်။

“ကိုဗစ်-၁၉ အကျပ်အတည်းအခြေအနေအတွင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေရဲ့ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးကို သက်သာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်” လို့ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ၀န်ကြီး ဆူချတ် ချွန်ကလင်က ပြောပါတယ်။

“လူမှုဖူလုံရေးအက်ဥပဒေပုဒ်မ ၃၉ အရ ၀န်ထမ်းတွေအနေနဲ့ လစဉ်ထည့်ဝင်ကြေး ၄၃၂ ဘတ်ကနေ ၂၃၅ ဘတ်ကို လျှော့ချဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။”

ဒီဉပဒေအရ လူမှုဖူလုံရေးထည့်ဝင်ကြေးတွေ ထည့်ဝင်ထားတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းရပ်ဆိုင်းသွားခဲ့ရင်လည်း အကျိုးခံစားခွင့် ဆက်လက်ရရှိနိုင်မယ်လို့ ဆိုပါတယ်။

လူမှုဖူလုံရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ထော့ဆာဖို ခရစ်ဝေါင်ဝီမန်ကတော့ ဒါက ထိုင်းစီးပွားရေးလုပ်ငန်းပေါင်း ၄၈၀,၀၀၀ နဲ့ အလုပ်သမားဦးရေ ၁၃ သန်းထိကို ကူညီပေး နိုင်လိမ့်မယ်လို့ ပြောပါတယ်။

တကယ်လို့များ လူမှုဖူလုံရေး၊ ဒါမှမဟုတ် အလုပ်သမားရေးရာရာကိစ္စတွေနဲ့ ပတ်သက်လို့ ပိုမိုသိရှိ လိုပါက အလုပ်သမား ၀န်ကြီးဌာနရဲ့ Hotline ဖုန်း ၁၅၀၆ ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

2 years Ago
Up