close

လူဝင်မှုကြီးကြပ်ရေး

close

November 14, 2022

ကလေးမြို့ လ.ဝ.က ဝန်ထမ်း‌များက မှတ်ပုံတင်လုပ်သူများထံမှ အတင်းအကျပ် ငွေတောင်းခံနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဝန်ထမ်းတွေဟာ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) လာလုပ်ဆောင်သူတွေထံက ငွေကြေးတောင်းခံကာ လာဘ်စားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လဝကရုံးက ဝန်ထမ်းတွေဟာ အသက်ပြည့် မှတ်ပုံတင်လဲလှယ်တဲ့ ဒေသခံတဦးကို ရန်ပုံငွေလို့အကြောင်းပြီး   ငွေကျပ်အနည်းဆုံး ၂၀,၀၀၀ ကျပ် တောင်းခံခဲ့တယ်လို့ မှတ်ပုံတင် သွားလုပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မှတ်ပုံတင်လုပ်‌မှာဆိုရင် အနည်းဆုံး တလကတော့ စောင့်ရတယ်။ ပိုက်ဆံပေးပြီး လုပ်ခိုင်းရင်တော့ ၃ ရက်အတွင်း ရတယ်။ ပိုက်ဆံအနည်းအများ‌အပေါ် မူတည်တာပေါ့။ တချို့တွေကလည်း ပွဲစားနဲ့လုပ်ကြတယ်။ ပွဲစားခကတော့ များများပေးရတယ်။ ပွဲစားက လဝက က ဝန်ထမ်းနဲ့ အချိတ်အဆက်ရှိတယ်လေ။ သူတို့အချင်းချင်းပြောပြီး အမြန်လုပ်ပေးတယ်။ ရိုးရိုး တန်းစီစောင့်ပြီး လုပ်‌တဲ့သူဆိုရင် အကြာကြီးနေမှရတယ်။‌ ထောက်ခံကြေး၊ မှတ်တမ်းထုတ်ကြေး၊ စာရွက်စာတမ်းဖိုးကို အများကြီးကုန်တယ်။ ပြီးရင် ရပြီးလို့ ပေးတဲ့အခါဆိုရင်လည်း ရန်ပုံငွေထည့်ရမယ်ဆိုပြီး ၂၀,၀၀၀ ကျပ်တောင်းတယ်။”

ဇူလိုင် ၂၅ ရက်ကလည်း ကလေးမြို့ လဝကရုံးက လက်ထောက်မြို့နယ်ဦးစီးမှူးအိမ်ကို ကလေး PDF အဖွဲ့က သတိပေးတဲ့အနေနဲ့ လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

“ရုံးအဝင်ဝမှာဆိုရင်လည်း ဂိတ်စောင့်တဲ့ဝန်ထမ်းတွေက အလှူခံ‌တာတွေလည်း ရှိတယ်။ ကြိမ်းမောင်းတာတွေလည်း ရှိတယ်။ ရုံးထဲဝင်ဖို့ အပြင်မှာ တန်းစီပြီး အကြာကြီး စောင့်ရတယ်။ ပိုက်ဆံပေးပြီး လုပ်တဲ့သူတွေကတော့ အနည်းဆုံး ၈၀,၀၀၀ လောက် ပေးရတယ်‌လို့ ပြောကြတယ်” လို့ လဝကရုံးကို မှတ်ပုံတင်အသစ် သွားလုပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

ကလေးမြို့ လဝကရုံးဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ နာမည်ကြီးနေတဲ့ ဌာနတခုဖြစ်ပြီး ပြည်သူတွေ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာမှာ မလိုအပ်ဘဲ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစေတာ၊ လုပ်ငန်းမြန်ဆန်စွာပြီးစီးဖို့ ငွေကြေးနဲ့လည်းကောင်း၊ ပွဲစားတွေနဲ့သော်လည်းကောင်း ချိတ်ဆက်ရတာတွေကြောင့် မြို့နယ်မှာ ပြည်သူတွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဓာတ်ပုံ- ZPW CJ( DVB)

1 min Ago

June 30, 2022

ထရမ့် လူဝင်မှုကြီးကြပ်ရေးဗျူဟာ ပြန်ထည့်သွင်းရန် သမ္မတဘိုင်ဒင်ကို တက္ကဆက် အုပ်ချုပ်ရေးမှူး တောင်းဆို

တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့က ထရမ့်ပ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဗျူဟာတွေကို ပြန်လည်ထည့်သွင်းဖို့ သမ္မတ ဂျိုးဘိုင်ဒင်ကို ဇွန် ၂၉ ရက်က တောင်းဆိုခဲ့ပါတယ်။

ဇွန် ၂၇ ရက်က မက္ကဆီကိုနယ်စပ် တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့ ဆင်ခြေဖုံးရှိ စက်မှုဇုန်တခုမှာ ပူပြင်းနေတဲ့ ထရပ်ကားထဲ ပိတ်မိနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၅၀ ကျော် သေဆုံးခဲ့ပြီးနောက်မှာ ခုလိုတောင်းဆိုလိုက်တာပါ။ လက်ရှိအချိန်ထိ သေဆုံးသူ ၅၃ ယောက် ရှိနေပါပြီ။

ဒီဖြစ်ရပ်ဟာ အမေရိကန်ပြည်ထောင်စုမှာ လူကုန်ကူးဖို့ ကြိုးပမ်းမှု မှတ်တမ်းဝင်တဲ့ အကြီးမားဆုံး အသက်ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အသက်ဆုံးရှုံးမှုတွေဟာ ရှောင်လွှဲလို့ရနိုင်တဲ့ကိစ္စဖြစ်ပြီး ဘိုင်ဒင်က အခြေအနေတိုးတက်ဖို့ ဘာမှမလုပ်ဘူးလို့ အက်ဘော့က မီဒီယာတွေကို ပြောပါတယ်။

အက်ဘော့က တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တက္ကဆက်ရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး နယ်စပ်ဒေသတွေမှာ အရာရှိတွေနဲ့ စစ်ဆေးရေးဂိတ်တွေ ပိုမိုထားရှိဖို့ မဟာဗျူဟာကို ကိုးကားပြီးတော့ ပြောကြားခဲ့ပါတယ်။

ဘိုင်ဒင်က ဒီအဖြစ်အပျက်ကို ကြောက်စရာကောင်းပြီး ကြေကွဲဖွယ်ရာဖြစ်ရပ်လို့ ဇွန် ၂၈ ရက်က ပြောကြားခဲ့ပါတယ်။

ဘိုင်ဒင်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ အာဏာရလာကတည်းက အမေရိကန်-မက္ကဆီကိုနယ်စပ်ရှိ တရားမဝင် ဖြတ်ကျော်ကြတဲ့ ဒေါ်လာ ဘီလျံပေါင်း များစွာတန်တဲ့ ရာဇဝတ်မှု လူမှောင်ခိုလုပ်ငန်းတွေကို နှိမ်နင်းသွားမယ်လို့ ကတိပြုထားပါတယ်။

အခုသေဆုံးမှုတွေဟာ သူ့ရဲ့ရှေ့က ရီပတ်ဘလီကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ သဘောထားတင်းမာတဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတချို့ကို ပြောင်းပြန်လှန်ပစ်မယ်လို့ ကတိပြုပြီး အာဏာရလာတဲ့ ဒီမိုကရက်တစ်သမ္မတ ဘိုင်ဒင်အတွက် ရွှေ့ပြောင်း အခြေချဖြတ်ကျော်မှုတွေကို ထိန်းချုပ်ဖို့ စိန်ခေါ်မှုကို မီးမောင်းထိုးပြနေတာလို့ ဆိုပါတယ်။

ရီပတ်ဘလီကန်တွေဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် ကြားဖြတ် လွှတ်တော်ရွေးကောက်ပွဲတွေ မတိုင်ခင်မှာ ဘိုင်ဒင်ရဲ့ နယ်ခြားဗျူဟာကို ဝေဖန်ခဲ့ကြပါတယ်။

5 months Ago
Up