ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ မတ် ၂၉ ရက်နေ့က စံကျေးရွာနဲ့ ဒေးကျေးရွာအနီးက စစ်ဘေးရှောင်စခန်းကို ဦးဆောင်ကူညီနေတဲ့ သက်တော် ၄၀ ဝန်းကျင်ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီး တပါးကို စစ်ကောင်စီတပ်က အတင်းအကျပ်လူဝတ်လဲပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
စံကျေးရွာဘုန်းတော်ကြီးနဲ့အတူ စစ်ရှောင်စခန်းကို ဦးဆောင်ကူညီနေသူတွေကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ် အဖမ်းခံရသူ အရေအတွက်နဲ့ ဘယ်မှာ ထိန်းသိမ်းခံနေရတယ်ဆိုတာကိုတော့ လတ်တလာ မသိရသေးပါဘူး။
စံကျေးရွာအနီး စစ်ဘေးရှောင်စခန်းကို ဖွင့်လှစ်ထားတာ ၂ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အိမ်ထောင်စု ၁၀၀ ကျော် လူဦးရေစုစုပေါင်း ၄၀၀ ကျော် ၅၀၀ နီးပါး ခိုလှုံနေတဲ့စခန်းဖြစ်ပါတယ်။
အဲ့ဒီနောက် မတ် ၃၀ ရက်က မင်းတပ်မြို့နယ်နဲ့ ဆောနယ်နိမိတ်အကြားလမ်းပိုင်းမှာ ယောဒေသကာကွယ်ရေးပူးပေါင်းတပ်ရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့လို့ ရဟတ်ယာဉ်နဲ့ပစ်ကူပေးခဲ့ပြီး စံကျေးရွာအနီး စစ်ရှောင်စခန်းတခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မင်းတပ်ပအဖ ပြောခွင့်ရှိသူ ယောမန်က “စစ်ဘေးရှောင်စခန်းတခုလုံးကို ညနေ ၆ နာရီလောက်မှာ မီးရှို့လိုက်တယ်။ စစ်ဘေးရှောင်တဲ့သူ အယောက် ၅၀၀ ဝန်းကျင်လောက်နေတယ် အဲ့ဒီမှာ။ အကုန်လုံးကတော့ ဒုက္ခရောက်ကြတာပေါ့။ အဲ့ဒီမှာနေတာ ၂ နှစ်လောက်ရှိပြီ။ မင်းတပ်မြို့ပေါ်မှာ ပစ်ကြခတ်ကြဆိုတော့ အဲ့ဒီမှာလည်း စံကျေးရွာရဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကိုလည်း အတင်းလူ ဝတ်လဲပြီးတော့မှ ဖမ်းခေါ်သွားတယ်။ ပြီးတော့ စစ်ဘေးရှောင်အမျိုးသမီး သူ့ကိုလည်း ဖမ်းခေါ်သွားတယ်။ ၂၉ ရက်နေ့မှာ ဖမ်းပြီးမှခေါ်သွားတယ်။ အဲ့ဒီနေ့မှာပဲ တခြားစစ်ကြောင်း တကြောင်းက ပန်းဇံဘက်က ဒေးဘက်ကနေဝင်လာတယ်။ ၃၀ ရက်နေ့မှာ တိုက်ပွဲဖြစ်တယ်။ ညနေပိုင်းမှာတော့ မီးရှို့လိုက်တယ်ပေါ့နော်" လို့ ပြောပါတယ်။
စစ်ကားအစီး ၈၀ ပါတဲ့ စစ်ကောင်စီထောက်ပို့ယာဉ်တန်းဟာ မြေပြင်ကနေရိက္ခာထောက်ပို့ဖို့အတွက် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်-မတူပီဗျူဟာ ကျောက်ထုအမြောက်တပ်ထဲကို ပခုက္ကူဘက်ကနေ မတ် ၁၃ ရက်နေ့မှာ ဝင်ရောက်ခဲ့ပါတယ်။
ပြီးတဲ့တဲ့ သီတင်း ၂ ပတ်လောက်က မင်းတပ်-မတူပီမှာ စစ်ကောင်စီက ဗျူဟာမှူး အပြောင်းအလဲပြီးလုပ်ခဲ့ပြီး အသစ်ရောက်လာတဲ့ ဗျူဟာမှူးက အရင်လူထက်ပိုဆိုးတဲ့ ခြိမ်းခြောက်ထိုးစစ်ဆင် ဖမ်းဆီးနေတယ်လို့ မင်းတပ် ပအဖ တာဝန်ရှိသူ ယောမန်က ပြောပါတယ်။
"ဗျူဟာအခင်းအကျင်းက အခုက မင်းတပ်မှာနေခဲ့တဲ့ ကာနယ်ကြီးကပြောင်းသွားတယ်။ ပြီးခဲ့တဲ့ ၂ ပတ်လောက်ကပဲ။ အသစ်ရောက်လာတဲ့ကာနယ်ကတော့ စစ်ဦးဘီလူးပေါ့လေ။ သူကလုပ် ပြချင်တဲ့ပုံစံနဲ့ တူပါတယ်။ ကျေးရွာတွေကို ခြိမ်းခြောက်တာ။ ဟိုအရင်တုန်းက စစ်ကြောင်းထိုးတာထက် ပိုပြီးမှ ပိုလုပ်တာပေါ့လေ။ ဒီ ၁ ပတ် ၂ ပတ်အတွင်းမှာပဲ စစ်ဦးဘီလူးပုံစံ သူတို့က လုပ်တာပေါ့လေ။ လွန်လွန်ကျူးကျူးတွေ ဖမ်းဆီးခြိမ်းခြောက်တာတွေ ဖြစ်လာတာပေါ့။ တိုက်ပွဲတွေ ခပ်စိပ်စပ်ဖြစ်လာတာပေါ့။"
ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာဘက်ကိုတော့ မတ်လဒုတိယအပတ်ကစပြီး စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကနေ တင့်ကား ၂ စီးအပါအဝင် စစ်ကားအစီး ၃၀ ဝင်ရောက်ခဲ့ပါတယ်။
မတ် ၂၃ ရက်မှာ ကလေးမြို့ပေါ်က အရပ်သားကုန်တင်ကား အစီး ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီက ချောဆွဲထားပြီး ထောက်ပို့လုပ်ငန်းတွေဆက်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ နယ်မြေစိုးမိုး ရေးအတွက် စစ်ကောင်စီက လေကြောင်းပစ်ကူတွေအသုံးပြုပြီး သူတို့ရဲ့ထောက်ပို့လမ်းကြောင်းတွေ ဝင်လို့ရအောင် လုပ်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF တာဝန်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
"နယ်မြေစိုးမိုးရေးအတွက်ဆိုပြီးတော့ မြေပြင်ကနေ အဲ့ဒီလိုလုပ်တာတွေ၊ ပြောချင်တာကတော့ တိုက်လေယာဉ်ကတော့ ထောက်ပို့ယာဉ်တွေကတော့ အမြဲတမ်းလာတယ်။ လေယာဉ်ကတော့ ရိက္ခာ ဘယ်လောက်မှ သယ်လာမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် မြေပြင်ကနေ မဖြစ်ဖြစ်အောင် သူတို့ အဲ့ဒီရိက္ခာတွေကို ဖြည့်ဆည်းလာတယ်လို့ အဲ့ဒီလိုပဲမြင်ပါတယ်။"
မတ် ၃၀ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ထန်တလန်မြို့နယ် ခွာဖိုးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ် ၂ စင်း၊ MI 35 ရဟတ်ယာဉ် ၁ စင်းတို့နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သားပြည်သူ ၈ ယောက်ကျဆုံးခဲ့ပြီး ပြည်သူ ၂၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ချင်းပြည်နယ် မြို့နယ် ၇ မြို့နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၈ ခုက ၃၇ မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့ပါတယ်။
မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ မင်းတပ်မြို့နယ်ကို ၂၀၂၁ ခုနှစ်ကတည်းက စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့တာကြောင့် ပလက်ဝမြို့နယ်ကလွဲပြီး ချင်းပြည်နယ်ရဲ့ မြို့နယ် ၉ ခုမှာ ၈ ခုဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ်တနေရာမှာ မီဇိုရမ်ပြည်နယ်သား ၃ ယောက် အသတ်ခံရပြီးနောက် မတ် ၂၉ ရက်ကစပြီး နှစ်နိုင်ငံနယ်စပ် အဝင်အထွက်လမ်းကြောင်းတချို့ကို မီဇိုရမ်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းတွေက အကန့်သတ်မရှိ ပိတ်ထားပါတယ်။
တရားဟောတဲ့အခါ လူအများနားလည်လွယ်တဲ့ အရပ်စကားနဲ့အတူ လူငယ်တွေအကြိုက် ဟာသတွေနဲ့ ဗန်းစကားပါရောနှောသုံးနှုန်း ဟောပြောခဲ့လို့ လူငယ်တွေကြား ရေပန်းစားခဲ့တဲ့ ထိုင်းဘုန်းကြီး ဖရမဟာဖိုင်းဝမ်းဝွန်းဝမ်းနိုးဟာ ဒီဇင်ဘာ ၃ ရက် ဒီနေ့မနက် လူဝတ်လဲလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
လူဝတ်လဲပြီဖြစ်ကြောင်း၊ သာသနာ့အဆောင်အယောင်တွေ၊ သာသနာ့အသုံးအနှုန်းတွေ ပြန်လည်အပ်နှင်းပါကြောင်း ဖရမဟာဖိုင်းဝမ်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပြီး သူနဲ့အတူ တွဲဖက်တရားဟောခဲ့တဲ့ ဖရမဟာဆုမ်ပေါင်း ဘုန်းကြီးထံမှာ သင်္ကန်းအပ် ဝိနည်းသိက္ခာချတဲ့ပုံတွေ တင်ထားခဲ့ပါတယ်။
အသက် ၃၀ အရွယ် မဟာဖိုင်းဝမ်းဟာ ကျန်ထပူရီဇာတိဖြစ်ပြီး ၁၂ နှစ်သားအရွယ် ကိုရင်ဘဝနဲ့ သာသနာ့ဘောင်ကို စတင်ဝင်ရောက်ခဲ့ပါတယ်။
ပထမကြီးတန်း၊ ဓမ္မာ စရိယ တန်းအောင်မြင်ပြီး မဟာကျူလာလောင်ကွန်းဗုဒ္ဓတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ရကာ လက်ရှိ ရမ်ခမ်းဟိုင်တက္ကသိုလ်မှာ ငြိမ်းချမ်းရေးအထူးပြုဘာသာရပ်နဲ့ ပါရဂူတန်း တက်နေပါတယ်။
နောက်ဆုံးနေခဲ့တဲ့ ကျောင်းတိုက်မှာ ဘန်ကောက် ဆွဲ့ထောင်းန်ကျောင်းတိုက်ဖြစ်ပြီး စာချကိုယ်တော်အဖြစ် တာဝန်ထမ်းဆောင်သလို လူမှုကွန်ရက်မှာလည်း နေ့စဉ်တရားဟောတဲ့အလုပ်ကို လုပ်ခဲ့ပါတယ်။
သူ့ရဲ့ဟောပြောခန်းတွေမှာ အာစရိယ ဖရဆုမ်ပေါင်းဘုန်းကြီးကိုပါ မကြာမကြာ ပင့်ဖိတ်ပြီး ကိုယ်တော်နှစ်ပါးဟောကြားချက်ကို ကလေးတွေကပါ နှစ်သက်လို့ မုန်လာဥနီနှစ်လုံး အစီအစဉ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။
သံဃာနှစ်ပါးဟာ တရားဟောရင်းက ရံဖန်ရံခါ လက်ရှိထိုင်းနိုင်ငံရေးကို ထေ့ငေါ့တဲ့ စကားလုံးတွေပါ ပါလာတာကြောင့်ရော၊ ဘုန်းကြီးဖြစ်ပြီး တည်တည်တံ့တံ့ သိက္ခာနဲ့မနေဘဲ ရယ်ရယ်မောမော ဟာသနှောတာကို ဆရာတော်ကြီးတွေ၊ လူကြီးပိုင်းတွေက ဝေဖန်ပြစ်တင်ကြပါတယ်။ ဝိနည်းနဲ့ညှိစွန်းတယ်ဆိုပြီး သာသနာရေးဝန်ကြီးဌာနကို အတိုင်ခံခဲ့ရပါတယ်။
သံဃာ ၂ ပါးကတော့ ကနေ့ခေတ်လူငယ်တွေအနေနဲ့ ဘာသာတရားနဲ့ ကင်းဝေးသွားမှာစိုးလို့ တန်ဖိုးရှိတဲ့ ဗုဒ္ဓတရားတော်တွေကို လူငယ်ကြိုက်စကားလုံးတွေသုံးနှုန်းပြီး ပြန်ဆွဲခေါ်ရတာလို့ ပြောပါတယ်။
မဟာဖိုင်းဝမ်းဟာ ဒီမတိုင်ခင်က အထက်ဆရာတော်ကြီးတွေ ဖိအားကိုမခံနိုင်တဲ့အဆုံး လိုက်ဖ်လွှင့်ရင်းက မျက်ရည်ကျတဲ့အထိဖြစ်ခဲ့ပါတယ်။ အဲဒီနောက် လူထွက်တော့မယ့် သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒီကနေ့မှာတော့ အမှန်တကယ် လူထွက်လိုက်ပြီ ဖြစ်ပါတယ်။
သူလူထွက်လိုက်တဲ့အပေါ်မှာ ပရိဿတ်အထူးသဖြင့် လူငယ်တွေက အားပေးစကားတွေ ပြောကြားခဲ့ပါတယ်။ ဆရာဟောတာအမှန်တွေမို့ သင်္ကန်းဝတ်သည်ဖြစ်စေ မဝတ်သည်ဖြစ်စေ ဆက်လက်အား ပေးသွားမယ့်အကြောင်း၊ တချို့ကလည်း ထိုင်းနိုင်ငံမှ လူကောင်းတွေ ကောင်းကောင်းမနေရဘူး စသဖြင့် ဝေဖန်တာတွေလည်းရှိပါတယ်။
သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ follower ပေါင်း ၂ သန်း ၆ သိန်းကျော်ရှိပြီး ကုန်ပစ္စည်းကြော်ငြာချင်တဲ့လူတွေ စဉ်းစားထားတယ်လို့ သူက နောက်သလိုလိုနဲ့ အတည်ရေးသားထားပါတယ်။
ကိုးကား - https://www.facebook.com/workpointTODAY/photos/a.153956988306921/1781615082207762/