close

လူသေဆုံးမှု

close

January 26, 2023

ကျိုက်ထီးရိုးဘုရားဖူးယာဉ် ပစ်ခတ်ခံရပြီး လူသေဆုံးဒဏ်ရာရမှု အပြန်အလှန်စွပ်စွဲ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်အနီးမှာ ဇန်နဝါရီ ၂၅ ရက်က  ကျိုက်ထီးရိုးဘုရားဖူးသွားတဲ့ ကားတစီးပစ်ခတ်ခံရပြီး အမျိုးသား ၁ ယောက်သေဆုံးကာ တခြားသူ  ၇ ယောက် ဒဏ်ရာရသွားပါတယ်။

မကွေးတိုင်း၊ နတ်မောက်မြို့က ဦးသီဟမောင်မောင် မောင်းနှင်လာတဲ့ ဘုရားဖူးခရီးသည် ၁၁ ဦးလိုက်ပါလာတဲ့  light truck ကားသေးတစီးဟာ ဇန်နဝါရီ ၂၅ ရက် မနေ့ မနက် ၁၁ နာရီ ၄၀ မိနစ် ခန့်လောက်က  ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ KP စက်သုံးဆီဆိုင်အနီးမှာ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တဲ့ ဗုံးသီးထိမှန်ခဲ့လို့ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၇ ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့တာပါ။

ပစ်ခတ်ခံရတာကြောင့် ကားပေါ်ပါလာသူ ၁ ဦးက အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး ဒဏ်ရာရသူ ၇ ဦးထဲက ၃ ဦး ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးအလောင်းနဲ့အတူ မော်လမြိုင်ဆေးရုံကို သယ်သွားတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသတွင်း တော်လှန်ရေး အင်အားစုတွေက သွားရောက်ပစ်ခတ်ခဲ့ခြင်းမျိုးမရှိသလို ဘယ်အဖွဲ့စည်းမှ သွားရောက်လုပ်ဆောင်ခြင်းမရှိကြောင်း ဒေသခံ  PDF တပ်ဖွဲ့ ကတာဝန်ရှိသူတယောက်ကပြောပါတယ်။

ဒီပစ်ခတ်မှုဟာ NUG ၊ CRPH လက်ဝေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ  ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာ  စွပ်စွဲ ထုတ်ပြန်ထားပါတယ်။

ကျိုက်ထီးရိုးစေတီသို့ ဘုရားဖူးလာတဲ့ မော်တော်ယာဉ် ပစ်ခတ်မှုဟာ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ် ဖြစ်တယ်လို့ သထုံခရိုင် PDF က တုံ့ပြန်လိုက်ပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက “သူတို့ စာထုတ်ထားတာ လုံးဝ အမှားကြီး၊ ပြီးတော့ သူတို့ မြေပုံအညွန်းပေးထားတာ ရှိတယ်၊ အဲဒီမှာက အကြမ်းဖက်သမားတွေ ပစ်ခတ်တဲ့နေရာဆိုတာက သူတို့(စကစ)တွေ ကင်းပုန်းဝပ်ထားတဲ့ နေရာပါ၊ ပြီးတော့ ဂိတ်မှာ တာဝန်ကျနေတဲ့ ဖရဲသီးတစ်ယောက်ကို မေးကြည့်တာတော့ သူတို့ပြောတာက ကား မရပ်ပေးလို့ ပစ်ခတ်လိုက်တာလို့လည်း ပြောတယ်၊ ဒီပစ်ခတ်မှုဟာ ကျနော်တို့လုပ်တာ မဟုတ်ဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် မုပ္ပလင်စစ်ဆေးရေးဂိတ်ဟာ မကြာခဏ ပစ်ခတ်ခံနေရတာကြောင့် ဒီနောက်ပိုင်း စစ်ဆေးရေးဂိတ် ပတ်လည်မှာ စစ်ကောင်စီတပ်က ကင်းပုန်းတွေ ဝပ်ထားတဲ့အတွက် လာရောက် ပစ်ခတ်ဖို့ မဖြစ်နိုင်ကြောင်းသူက ဆိုပါတယ်။

အခင်းဖြစ်ရာနေရာအနီးရောက်ခဲ့တဲ့ ခရီးသည်တယောက်ကလည်း“နေ့လယ် ၁၂ နာရီလောက်မှာဖြစ်တာ။ အဲ့ဒီအချိန်မတိုင်မီ မနက်ပိုင်းကတည်းက ကားတန်းကျပ်နေခဲ့တာ။ အဲ့ဒီ ကားတန်းကျပ်နေချိန်မှာ သူတို့က ထုံးစံအတိုင်း ကားမှောင်ခို ( car without) ကားတွေကို လွှတ်ပေးနေချိန် အဲ့ဒီကိစ္စနဲ့ပဲ သူတို့အချင်းချင်း စကားများကြတာ အပြင်ကကြားနေရတယ်။ လမ်းပေါ်အထိ ထွက်ဆဲတာ။ စစ်သားတယောက်က ထိုးမယ်ကြိတ်မယ်တွေဖြစ်ပြီးနောက် သူတို့အထဲက  စစ်ကောင်စီ တပ်သားတယောက်က ပစ်လိုက်ပုံရတယ်၊ ရမ်းပစ်တာလား မတော်တဆလားတော့မသိဘူး”လို့ ပြောပါတယ်။

လက်ရှိမှာတော့ လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့တဲ့ ဘုရားဖူးခရီးသည် ၇ ဦးကို ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံမှာ တက်ရောက် ကုသနေတာ ဖြစ်ပါတယ်။

ကျိုက်ထိုမြို့နယ်မှာ အခုလ ဇန်နဝါရီ ၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ စစ်ကောင်စီ အခြေစိုက်တပ်ရင်းတွေကနေ နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိထားသလို ဒေသခံ ၃၈၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တည်းကလည်း ကျိုက်ထီးရိုးဘုရားဖူးယာဥ် တောင်တက်ကားဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား အပြန်လှန်ပစ်ခတ်မှုမှာ လူထိခိုက်သေဆုံးတာ ရှိခဲ့ပါတယ်။

5 mins Ago

September 28, 2020

လူသေဆုံးမှုအတွက် ဂိုးလ်ဒ်ကို့စ်ကမ်းရိုးတန်းအပန်းဖြေစခန်း ဒဏ်ကြေးချမှတ်ခံရ

သြစတြေးလျနိုင်ငံ ဂိုးလ်ဒ်ကို့စ်ကမ်းရိုးတန်းက အပန်းဖြေဥယျာဉ်လုပ်ငန်း လုပ်ကိုင်သူ အားဒန့်လက်ရှားအုပ်စုလီမိတက်ကို လူသေတဲ့ မတော်တဆမှုအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ဒဏ်ငွေ ပေးဆောင်စေခဲ့တယ်လို့ စက်တင်ဘာ ၂၈ ရက်မှာ ဒေသခံမီဒီယာမှာ ဖော်ပြထားပါတယ်။  river rapids ride လို့ နာမည်ပေးထားတဲ့ ကစားနည်းတမျိုးကြောင့် လူ ၄ ယောက် သေဆုံးအပြီး ခုလိုစီရင်တာလည်း ဖြစ်ပါတယ်။  ၂၀၁၆ ခုနှစ်က သြစတြေးလျရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်တဲ့ နေရာတခု ဖြစ်တဲ့ အိပ်မက်ကမ္ဘာအပန်းဖြေဥယျာဉ်ထဲမှာ ဖောင် ၂ ခု အချင်းချင်း တိုက်မိပြီး စက်တွေ ဆင်ထားတဲ့ ဆင်ခြေလျှောလမ်းပေါ်ပြုတ်ကျခဲ့လို့ မောင်နှမ ၂ ယောက်အပါအဝင် လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။  ကုမ္ပဏီဟာ လုံလောက်တဲ့ ဘေးကင်းရေးစစ်ဆေးမှု လုပ်ဖို့ အာဏာပိုင်တွေရဲ့ သတိပေး ချက်ကို လျစ်လျူရှုပြီး စစ်ဆေးဖို့ ပျက်ကွက်တယ်ဆိုတာ တရားရုံးက ဒီနှစ်ထဲမှာ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။  ကုမ္ပဏီက အပြစ်ရှိကြောင်း ဝန်ခံအပြီးမှာ စွဲချက်တွေအရ အမြင့်ဆုံးပြစ်ဒဏ် သြစတြေးလျ ဒေါ်လာ ၄ ဒသမ ၅သန်းထက် လျှော့ပြီး တရားရုံးက ဒဏ်ငွေ တပ်ခဲ့ပါတယ်။  မတော်တဆဖြစ်ရပ်ရဲ့ ဒဏ်ကို ခံစားခဲ့ရတဲ့ လူတွေက တရားစွဲလို့ လျော်ကြေးရလိုမှု စွဲချက် ၂၀ ကျော် အတွက် သြစတြေးလျ ဒေါ်လာ ၅ သန်းကို ကုမ္ပဏီက ပေးဆောင်ပြီးပြီလို့ ဆိုပါတယ်။
2 years Ago
Up