close

လူအစုလိုက်သတ်ဖြတ်မှု

close

September 19, 2021

စစ်တပ်ကျူးလွန်ခဲ့သည့် လူအစုလိုက်သတ်ဖြတ်မှုများကို ကုလလူ့အခွင့်ရေးကောင်စီထံ NUG အစိုးရက အစီရင်ခံစာတင်သွင်း

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း  ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်သွင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ၂၀၂၁ ခုနှစ် ဇူလိုင်လမှ စတင်ပြီး စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေကို ပြုစုထားတဲ့  အစီရင်ခံစာတစ်စောင်ကို  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ဒီကနေ့ တင်သွင်းလိုက်တာဖြစ်ပါတယ်။ ဒီအစီရင်ခံစာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ သူတွေကို တိုက်ရိုက်မေးမြန်း ပြုစုထားတာလို့လည်း ဆိုပါတယ်။

အဆိုပါ တိုင်းဒေသကြီး ၂ ခုမှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေအပေါ် စတင် ထိုးစစ်ဆင်ပြီး နယ်မြေရှင်းလင်းခဲ့တဲ့ ဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ သေဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ တရားဥပဒေမဲ့ ဖမ်းဆီးမှုတွေကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ကို လက်နက်တွေ တင်ပို့ရောင်းချတာနဲ့ စစ်ရေး အကူအညီပေးတာတွေ ရပ်တံ့ဖို့၊ လူ့အခွင့်ရေးချိုးဖောက်မှုတွေ အမြန်ဆုံးရပ်တန့်ပြီး တရားမျှတမှု အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (အိုင်စီစီ) အပါအဝင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေအရ ထိရောက်စွာ အရေးယူဖို့လည်း လူ့အခွင့်အရေးကောင်စီကို တိုက်တွန်းပါတယ်။

ဒါ့အပြင် အကြမ်းဖက်ခံနေရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ပြည်သူလူထုတွေအပါအဝင် မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ပေးဖို့လည်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၁၀၈ ယောက်ထိ ရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၂၂၇ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၅၉၁ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၇၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

7 mins Ago

September 2, 2020

လူအစုလိုက်သတ်ဖြတ်မှုကို ကြီးကြပ်ခဲ့သူ ခမာနီတပ်မှူး ရဲဘော် ဒတ်ချ်ကွယ်လွန် 

ကမ္ဘောဒီးယားပြည်သူ ၁၄,၀၀၀ ထက်မနည်း အစုလိုက်သတ်ဖြတ်မှုကို ကြီးကြပ်ခဲ့သူ ရဲဘော် ဒတ်ချ်လို့ နာမည်ကြီးတဲ့ ခမာနီတပ်မှူးဟာ စက်တင်ဘာ ၂ ရက်က အသက် ၇၇ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရဲဘော်ဒတ်ချ် ခေါ် ခန်ဂတ်အီဟာ ပထမဆုံး တရားရင်ဆိုင်ရတဲ့ ခမာနီခေါင်းဆောင်ပိုင်း အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ ၁၉၇၅ ကနေ ၁၉၇၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားက လူသတ်ကွင်းတွေမှာ လူပေါင်း ၁ ဒသမ ၇ သန်းထက်မနည်း သေဆုံးခဲ့တဲ့အတွက် အပြစ်တင်ခံရတဲ့ အစိုးရအဖွဲ့မှာ ပါဝင်ခဲ့မှုအတွက် သူဟာ တရားရင်ဆိုင်ရတာပါ။ သူဟာ နာမည်ကျော် တွမ်းဆလန်းအကျဉ်းထောင်မှာ လူအစုလိုက်သတ်ဖြတ်မှုတွေကို ကြီးကြပ်ခဲ့ရတဲ့ အကျဉ်းထောင်မှူး  ဖြစ်ပါတယ်။ ခမာနီခုံရုံးက သူ့ကို ထောင်ဒဏ် တသက်တကျွန်းချမှတ်ခဲ့သလို သူကလည်း သူ့ပြစ်မှုတွေအတွက် နောင်တရမိကြောင်း ပြောဆိုခဲ့ပါတယ်။ ရဲဘော်ဒတ်ချ်ဟာ မြို့တော်ဖနွမ်းပင်က ခမာနီ ဆိုဗီယက်ချစ်ကြည်ရေးဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ ခမာနီခုံရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုပေမဲ့ သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မပြောခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ် ခမာနီ အစိုးရ လက်ထက်က လူအစုလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ရာ တွမ်းဆလန်း အကျဉ်းထောင်ကိုလည်း အခုအခါ  လူမျိုးတုံးသတ်ဖြတ်မှု ပြတိုက်အဖြစ် ပြောင်းလဲထားပါတယ်။
1 year Ago
Up