ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က စတင်ကာ ကူးစက်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါ ရိုက်ခတ်မှုကြောင့် အီးယူနိုင်ငံတွေမှာ ပထမဆုံး လူဦးရေကျဆင်းခဲ့ပြီးနောက် ဆက်တိုက်ပဲ ၂၀၂၁ ခုနှစ်မှာလည်း ကျဆင်းခဲ့တယ်လို့ ဥရောပသမဂ္ဂ (အီးယူ) ရဲ့ ကိန်းဂဏန်း အချက်အလက်များဆိုင်ရာဌာနတခုဖြစ်တဲ့ Eurostat က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ ဥရောပ အီးယူနိုင်ငံတွေရဲ့ လူဦးရေဟာ ၄၄၇ သန်းရှိခဲ့ရာကနေ အခုနှစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာတော့ ၄၄၆ ဒသမ ၈ သန်းသာ ရှိတော့တာဖြစ်ပြီး ဒါဟာ ကပ်ရောဂါကြောင့် ဖြစ်နိုင်ခြေ အများဆုံးဖြစ်နေပြီး အနုတ်လက္ခဏာဆောင်တဲ့ သဘာဝပြောင်းလဲမှုဖြစ်တဲ့ မွေးဖွားနှုန်းထက် သေဆုံးနှုန်းက ပိုပြီးတော့ များနေတဲ့ အခြေအနေကြောင့်လို့ ဆိုပါတယ်။
အီးယူဒေသတွင်းမှာ ၂၀၂၀ ပြည့်နှစ်မှာ သေဆုံးသူ ၅၃၁,၀၀၀ ယောက်ဟာ ၂၀၁၉ ခုနှစ်ကထက် ပိုများခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ သေဆုံးသူ ၁၁၃,၀၀၀ ယောက်ဟာလည်း ၂၀၂၀ ပြည့်နှစ်ကထက် ပိုများခဲ့တာပါ။
လွန်ခဲ့တဲ့ ၁၉၆၀ ပြည့်နှစ်က ဥရောပ အီးယူနိုင်ငံတွေရဲ့ လူဦးရေဟာ ၃၅၄ ဒသမ ၅ သန်း ရှိခဲ့ပြီး အခုနှစ်မှာတော့ ၄၄၆ ဒသမ ၈ သန်းရှိလာတာမို့ လူဦးရေ ၉၂ ဒသမ ၃ သန်းတိုးလာခဲ့တာဖြစ်ပေမယ့် လူဦးရေတိုးနှုန်း ကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ တဖြေးဖြေးကျဆင်းလာနေခဲ့တယ်လို့ Eurostat က ဆိုပါတယ်။ ဥပမာအားဖြင့်ဆိုရင် လွန်ခဲ့တဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ လူဦးရေတိုးနှုန်းဟာ နှစ်စဉ်ပျမ်းမျှ ၃ သန်းရှိခဲ့ရာ ကနေ ၂၀၀၅ ခုနှစ်က နေ ၂၀၂၂ ခုနှစ် ကာလအပိုင်းအခြားမှာတော့ လူဦးရေးတိုးနှုန်း နှစ်စဉ်ပျမ်းမျှ ၀ ဒသမ ၇ သန်းသာ ရှိတော့တယ်လို့ ဆိုပါတယ်။
ဥရောပဒေသတွင်း အီးယူနိုင်ငံတွေ တခုချင်းစီအလိုက် လူဦးရေစာရင်းကို ကြည့်မယ်ဆိုရင်တော့ အခုနှစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့အထိ ကိန်းဂဏန်းအချက်အလက်တွေအရ လူဦးရေ ၀ ဒသမ ၅ သန်းရှိတဲ့ မော်လတာနိုင်ငံကနေ ၈၃ ဒသမ ၂ သန်းထိရှိတဲ့ ဂျာမနီနိုင်ငံတွေအထိ ပါဝင်နေပြီး ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီ ၃ နိုင်ငံပေါင်း လူဦးရေဟာ အီးယူရဲ့ စုစုပေါင်းလူဦးရေရဲ့ ထက်ဝက်နီးပါး ၄၇ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါ တယ်။
ခုလက်ရှိ အီးယူနိုင်ငံတွေရဲ့ လူဦးရေဟာ ၂ နှစ်ဆက်တိုက်ကျဆင်းလာခဲ့ပေမယ့် အဖွဲ့ဝင်နိုင်ငံတိုင်းမှာ ကျဆင်းနေခဲ့တာမဟုတ်ပဲ နိုင်ငံပေါင်း ၁၀ နိုင်ငံမှာ သိသိသာသာ ကျဆင်းခဲ့ပြီး အကြီးမားဆုံးလူဦးရေကျဆင်းတဲ့ နိုင်ငံက လူဦးရေ ၂၅၃,၁၀၀ ယောက်နဲ့ အီတလီနိုင်ငံကနေ လူဦးရေ ၁,၈၀၀ နဲ့ ဆလိုဗေးနီးယားနိုင်ငံတွေအထိ ပါဝင်နေတာပါ။
တခြား အီးယူနိုင်ငံပေါင်း ၁၇ နိုင်ငံကတော့ တနှစ်အတွင်း လူဦးရေတိုးလာခဲ့တာကို တွေ့ရပြီး ပြင်သစ်နိုင်ငံက လူဦးရေ ၁၈၅,၉၀၀ ယောက်နဲ့ အများဆုံးဖြစ်နေပြီး အက်စတိုးနီးယားကတော့ လူဦးရေအယောက် ၁,၇၀၀ တိုးလာခဲ့ တယ်လို့ ဆိုပါတယ်။