ရန်ကုန်၊ လှိုင်မြို့နယ် ၁ ရပ်ကွက်၊ ဇေယျမင်္ဂလာ ၂ လမ်းမှာ ဖေဖော်ဝါရီ ၃ ရက် ဒီနေ့ ညနေ သုံးနာရီခွဲက လူဦးရေစာရင်း ကောက်ယူရာမှာ ပါဝင်ခဲ့တဲ့ အရန်မီးသတ်တဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
နေအိမ်တိုက်ခန်းပေါ်မှ ဆင်းလာတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးလူအေးကို ဒီနေ့ ညနေ ၃ နာရီက သူ နေထိုင်ရာ တိုက်ရှေ့မှာပဲ အမည်မသိအမျိုးသားနှစ်ဦးက ပစ်ခတ်သွားတာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“တိုက်ပေါ်ကဆင်းလာတဲ့အချိန် စက်ဘီးနဲ့လာပစ်သွားတာ။ ကျည်ထိမှန်ဒဏ်ရာ နှစ်ချက်နဲ့ သေတယ်။ သူ့ကို သန်းခေါင်စာရင်းကောက်တုန်းက ပါလို့ အသတ်ခံရတယ်လို့လည်း ပြောနေတယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးလူအေးရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်က လူနာတင်ယာဥ်နဲ့ ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒီနေ့ မနက်ပိုင်းကလည်း သုံးခွမြို့နယ် ရေပေါ်ကန်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၃ ရက်အတွင်း လှိုင်၊ မြောက်ဥက္ကလာပနဲ့ သုံးခွမြို့နယ်မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးတဦးနဲ့ အရန်မီးသတ်တဦး သေဆုံးခဲ့ပါတယ်။
ရန်ကုန်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ပစ်ခတ်မှု့နဲ ဗုံးပေါက်ကွဲမှုတွေကြောင့် ဗိုလ်မှူးသုံးဦး အပါအဝင် ၉ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ လူဦးရေစာရင်းကောက်ယူရင်း စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ UG တွေကို ဖမ်းဆီးရရေးအတွက် လုပ်ဆောင်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စမ်းချောင်းမြို့နယ်ရှိ ရပ်ကွက်တွေမှာတော့ လူဦးရေစာရင်းကောက်ယူရင်း ကိုယ်ရေးအချက်အလက် တောင်းခံတာတွေ စစ်ကောင်စီက ပြုလုပ်လာတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“လူဦးရေစာရင်းကောက်တာ နားလည်တယ်။ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ရှိလို့ အဲ့ဒီအတိုင်း ဖြေရင် ရပြီလေ။ အလုပ်ကိစ္စတွေ မေးတယ်၊ ဘယ်မှာလုပ်တာလဲ၊ ဝန်ထမ်းလား၊ CDM လား ဆိုတာ စစ်တဲ့သဘောပဲ။”
ကိုယ်ရေးအချက်လက်တွေ တောင်းခံတဲ့ မြို့နယ်တွေရှိသလို မြောက်ဥက္ကလာပမြို့နယ် ရွေပေါက်ကံမြို့သစ်မှာတော့ ဧည့်စာရင်းနဲ့ နေထိုင်သူတွေကို ဓာတ်ပုံရိုက်ခိုင်းတာလည်း ရှိတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရွှေပေါက်ကံမှာ ၁ ရပ်ကွက်ကနေ ၂၂ ရပ်ကွက်ထိ ရှိတယ်။ ဧည့်စာရင်းနဲ့နေတဲ့သူတွေ အကုန် မှတ်ပုံတင်မိတ္တူပေးရတယ်။ မိသားစုဓာတ်ပုံနှစ်ပုံ ရုံးကိုရိုက်ပေးရတယ်။”
တောင်ဥက္ကလာပမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းကာ အုပ်ချုပ်ရေးအဖွဲ့နဲ့ အိမ်အရောက် လိုက်လံကောက်ခံတာရှိတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“တောင်ဥက္ကလာမှာကျတော့ ဓာတ်ပုံမရိုက်ရဘူး။ လဝက က သူတို့ရုံးကနေ သန်းခေါင်စာရင်း ယူလာတယ်။ အိမ်ကသန်းခေါင်စာရင်းနဲ့ တိုက်ကြည့်တယ်။ ဧည့်စာရင်းနဲ့နေတဲ့သူတွေ ကျတော့ သူတို့ရုံးကယူလာတဲ့ စာရွက်ထဲမှာ မေးပြီး ထပ်ဖြည့်တယ်။”
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စမ်းချောင်း၊ အင်းစိန်နဲ့ လှိုင်မြို့နယ်က ရပ်ကွက်တချို့မှာလည်း လူဦးရေစာရင်းကောက်ယူရင်း စစ်ကောင်စီတပ်က အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။
ရန်ကုန်၊ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံတဝန်း ဇန်နဝါရီ ၉ ရက်က စတင်ကာ လူဦးရေစာရင်း ကောက်ယူခဲ့ရာ ၁၄ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။