စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်က ပရဟိတမော်တော်ယာဉ်တွေကို သိမ်းဆည်းပြီး ရွေးကောက်ပွဲအတွက် လူဦးရေသန်းခေါင် စာရင်းပြုလုပ်ရာမှာ အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့ပေါ်က ပရဟိတ လုပ်ငန်းလုပ်ဆောင်နေတဲ့ ပြည်တော်သာ ပရဟိတ ရုံးပိုင်ကားကို ဇန်နဝါရီ ၂၄ ရက်က သိမ်းဆည်းကာ လူဦးရေ သန်းခေါင်စာရင်း လိုက်လံကောက်ခံရာမှာ အသုံးပြုနေတာလို့ ဆိုပါတယ်။
ဒေသခံတဦးက"မြို့ပေါ်မှာ သိပ်နာမည်မရှိတဲ့ ပရဟိတအသင်းက ကားတွေကို စစ်ကောင်စီတပ်နဲ့ ရဲက လိုက်သိမ်းတယ်။ ရွှေလက်ပံဘုန်းတော်ကြီးကျောင်းက ပြည်တော်သာ ပရဟိတ ရုံးပိုင်ကားကို သိမ်းသွားတယ်။ သိမ်းပြီး လူဦးရေ သန်းခေါင်စာရင်း ကောက်ရာမှာ သုံးနေတာတွေ့တယ်" လို့ ပြောပါတယ်။
မုံရွာမြို့ ရွှေလက်ပံဘုန်းတော်ကြီးကျောင်းက ပြည်တော်သာ ပရဟိတ အသင်းပိုင် မော်တော်ယာဉ်တစီးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က လာရောက်သိမ်းယူကာ ကျောင်းထိုင် ဆရာတော် အပါအဝင် သံဃာ ၃ ပါးနဲ့ လူငယ် ၅ ဦးကို ဖမ်းဆီးပြီး နောက်ရက်မှာတော့ မော်တော်ယာဉ်ကို လူဦးရေ သန်းခေါင်စာရင်း လိုက်လံကောက်ခံရာမှာ အသုံးပြုနေတာပါ။
စစ်ကောင်စီတပ်ဟာ ပြည်တော်သာ ပရဟိတ အသင်းမော်တော်ယာဉ်ကို သိမ်းဆည်းခဲ့တဲ့အပြင် ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း ပြည်လုံးချမ်းသာဘုန်းကြီးကျောင်းအတွင်း ဖွင့်ထားတဲ့ ရွှေတောင်မေတ္တာအခမဲ့ဆေးခန်းကို ဝင်ရောက်စီးနင်းခဲ့ကာ ကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီးပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းမှာရှိတဲ့ ပရဟိတအသင်းပိုင် မော်တော်ယာဉ်တစီးကိုလည်း သိမ်းဆည်းသွားခဲ့ပါသေးတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဘော်တွင်းသတ္တုတူးဖော်ရေးနယ်မြေအတွင်းမှာရှိတဲ့ ဝန်းထမ်းအိမ်ရာတွေနဲ့ ရပ်ကွက်ကျေးရွာတွေမှာ အာဏာသိမ်းစစ်ကောင်စီတပ်က ထွေ/အုပ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို လူဦးရေးစာရင်း ကောက်ခံခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်တပ်က ထွေ/အုပ် စာရေးနဲ့ ရပ်ကျေးစာရေးတွေကိုပေါင်းပြီး ဘော်တွင်းနယ်မြေမှာရှိတဲ့ လူဦးရေစာရင်းတွေကို ကောက်ခိုင်းနေတယ်၊ ဒီတပတ်အတွင်း ပြီးအောင်ကောက်ခိုင်းတာပဲ၊ မဲစာရင်းအတွက်လားတော့ မသိဘူး။ တချို့ရွာက လူတွေတောင် မရှိကြဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ဘော်တွင်းသတ္တုတူးဖော်ရေးနယ်မြေအတွင်းက လူဦးရေစာရင်းကို စစ်ကောင်စီတပ်က ကောက်ခိုင်းတဲ့အပေါ် ပြည်သူအများစုက ပါဝင်လိုခြင်းမရှိပေမယ့် အကြောက်တရားကြောင့် ပါဝင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အိမ်ထောင်စုဇယားနဲ့ လူဦးရေစာရင်းကို တိုက်စစ်တာတွေလုပ်နေပြီး ဧည့်စာရင်းတိုင်ခိုင်းတာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အုပ်ချုပ်ရေးမှူးတွေက အိမ်ထောင်စုဇယားနဲ့ လူဦးရေးကို တိုက်ဆိုင်ပြီး စစ်ဆေးတယ်။ အိမ်ထောင်စုထဲ မပါတဲ့သူတွေကို ဧည့်စာရင်းတိုင်ခိုင်းတာတွေရှိတယ်။ ကြံ့ဖွံ့ပါတီဝင်ကလွဲရင် ကျန်တဲ့ ပြည်သူက မပါဝင်ချင်ဘူး။ ကြောက်လို့တာ ပါဝင်ရတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
နမ္မတူမြို့နယ်၊ ဘော်တွင်းသတ္တုတူးဖော်ရေးနယ်မြေအတွင်းမှာ ရပ်ကွက်ပေါင်း ၁၀ ရပ်ကွက်ရှိပြီး လူဥှီးရေ ၈၀၀၀ ဝန်းကျင်ရှိပါတယ်။
နမ္မတူမြို့နယ်ဟာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ထိစပ်နေကာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ရဲ့ အခြေခံလှုပ်ရှားနယ်မြေတခုလည်း ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်က ကျင်းပမယ့်ရွေးကောက်ပွဲကို လုံး၀ လက်မခံကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA ) ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် တားဂျုတ်ဂျားက ဒေသတွင်းတိုင်းရင်းသား မီဒီယာတခုကို တရားဝင် ပြောကြားထားပါတယ်။