မြန်မာနိုင်ငံမှာ ငြိမ်းချမ်း၊ ညီညွတ်၊ တန်းတူ တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တရပ် ထူထောင်နိုင်ရေးအတွက် အခရာအကျဆုံးဟာ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးပဲဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)က ၃၄ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကေရစီ လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အခုလာမယ့် ၂၀၂၂ ခုနှစ် ဩဂုတ် ၈ ရက်နေ့ဆိုရင် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး ဆင်နွှဲခဲ့တာ ၃၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အရေးတော်ပုံကြီးအတွင်း အသက် ခန္ဓာ ဘဝတွေ စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ အလွှာအသီးသီးမှ လူမျိုးပေါင်းစုံ မြန်မာပြည်သူအားလုံးတို့ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လေးစား တန်ဖိုးထားစွာ ဦးညွှတ် အလေးပြုတယ်လို့ ဆိုပါတယ်။
အရေးတော်ပုံကြီးဟာ မဆလ အရေခြုံ တပါတီအာဏာရှင်အစိုးရကို အပြီးအပိုင် တိုက်ဖျက်ပစ်နိုင်ခဲ့ကြပေမဲ့ နောက်ကွယ်ရှိ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်ခြင်း မရှိခဲ့ပါ။ စစ်အုပ်စုက အရေးတော်ပုံကြီးကို အကြမ်းဖက် သတ်ဖြတ် အာဏာသိမ်းပြီး စစ်အာဏာရှင်စနစ်ကို သဏ္ဍာန်အမျိုးမျိုးနဲ့ ကျင့်သုံးလာခဲ့ကြတယ်လို့ လူ့ဘောင်သစ်ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြကြတဲ့ မျိုးဆက်သစ်လူငယ်တွေ၊ လူမျိုးပေါင်းစုံ ပြည်သူတွေကို စစ်အာဏာရှင်ရဲ့ ဓလေ့ဆိုးအတိုင်း အကြမ်းဖက် သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီး၊ ညှဉ်းပန်းတဲ့ နည်းလမ်းတွေနဲ့ ချေမှုန်းတိုက်ခိုက်လို့ နွေဦးတော်လှန်ရေးကြီးက ပြည်သူ့ခုခံစစ်သဏ္ဌာန် ဆင်နွှဲ ပေါ်ပေါက်ခဲ့ရတယ်လို့ ဆိုပါတယ်။
ပါတီအနေနဲ့ နွေဦးတော်လှန်ရေးကြီးရဲ့ နိုင်ငံရေးတာဝန်တွေဖြစ်တဲ့ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးတို့အတွက် ပုံသဏ္ဌာန်မျိုးစုံနဲ့ တိုက်ပွဲဝင်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် လူမျိုးပေါင်းစုံ မြန်မာပြည်သူလူထုနဲ့အတူ ရှစ်လေးလုံးအရေးတော်ပုံစိတ်ဓာတ်ကို ကိုင်စွဲပြီး ကျရာ တာဝန်ကနေ အစွမ်းကုန် ပူးပေါင်းအားထုတ် ကြိုးပမ်းသွားမယ်လို့လည်း ကြေညာထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ထပ်မံကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲသစ်ကို လုံးဝအသိအမှတ်မပြုတဲ့အကြောင်းနဲ့ နည်းမျိုးစုံနဲ့ ဆန့်ကျင်သွားမယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဇွန်လ ၁၀ ရက်မှာ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
နွေဦးတော်လှန်ရေးနဲ့ လူမျိုးစုံလူထုကြီးကို လှည့်စားပြီး ဖိနှိပ်ချေမှုန်းဖို့ စစ်ကောင်စီက ကြံစည်နေတာကို ပါတီရဲ့ အင်အားစုအသီးသီးနဲ့ ဘက်ပေါင်းစုံက ဖွင့်ချဖော်ထုတ်သွားမယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ အထွေထွေရွေးကောက်ပွဲသစ် လုပ်မယ်လို့ ပြောဆိုပြီး ပြင်ဆင်လုပ်ဆောင်တာတွေရှိလာတာကြောင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ တရားမဝင်စစ်ကောင်စီကို အသိအမှတ်မပြုရုံမက သူတို့ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ သူတို့ ကမကထလုပ်မယ့် ရွေးကောက်ပွဲကိုလည်း လုံးဝ အသိအမှတ်မပြုဘူးလို့ ကြေညာပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြုလုပ်မှာဖြစ်ပြီး ဒီနေ့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးကြီးနဲ့ ပြည်သူတရပ်လုံးကို ၂၀၀၈ ဥပဒေအောက် ပြန်ပို့ဖို့ ကြုံစည်နေတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးအပိုင်ဖျက်သိမ်းဖို့၊ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးစတဲ့ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေကို ဆန့်ကျက်ဖျက်ဆီးဖို့ဖြစ်သလို အင်အားစု အသီးသီးကြား တွေးခေါ်ကြံစည်တာတွေ ရှုပ်ထွေးသွားစေဖို့၊ သွေးစည်းညီညွတ်ရေးလျော့သွားစေဖို့နဲ့ အခုအချိန်မှာ စစ်ကောင်စီကြုံနေရတဲ့ အကြပ်အတည်းပေါင်းစုံကနေ ရုန်းထွက်ဖို့ ရည်ရွယ် လုပ်ဆောင်နေတာပဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခဲ့တဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ညောင်နှစ်ပင်ညီလာခံခန်းမဟောင်းကို ပြီးခဲ့တဲ့ဇွန် ၈ ရက်က သွားရောက်ခဲ့ပြီး သမိုင်းဝင် အဆောက်အအုံအဖြစ် ထိန်းသိမ်းဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒါ့အပြင် မှော်ဘီမှာ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူတွေကိုမိန့်ခွန်းပြောကြားရာမှာ ရွေးကောက်ပွဲနိုင်ငံတဝန်းကျင်းပသွားမှာဖြစ်ပြီး ဒီအတွက် တပ်မတော်သားများအနေနဲ့ မိမိတို့ ကျရာတာဝန်တွေကို စစ်သားစိတ်မွေးပြီး ကျေပွန်စွာ ဆောင်ရွက်ကြဖို့ မှာကြားသွားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီအပြတ်အသတ်ရှုံးနိမ့်သွားပြီးနောက် မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ စစ်တပ်က တရားမဝင်အာဏာသိမ်းယူခဲ့သလို ရွေးကောက်ပွဲရလဒ်ကိုလည်း ပယ်ဖျက်ခဲ့တာဖြစ်ပြီး အခု နောက်ထပ် ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောနေတာဖြစ်ပါတယ်။