ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တော်က လူ့အခွင့်အရေးကောင်စီအစည်းအဝေးကို တက်နေကြတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) အတော်များများဟာ အီရန်နိုင်ငံခြားရေးဝန်ကြီးက မိန့်ခွန်းပြောချိန်မှာ အီရန်နိုင်ငံထဲက လူ့အခွင့်အရေး အခြေအနေကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ဖေဖော်ဝါရီ ၂၇ ရက်က အစည်းအဝေးခန်းထဲကနေ ထွက်သွားကြပါတယ်။
လူသတ်အစိုးရကို ဒီမှာလာပြီး လူ့အခွင့်အရေးအကြောင်းပြောဖို့ ခွင့်ပြုတဲ့ ကုလသမဂ္ဂအတွက် ရှက်စရာနေ့တနေ့ပဲလို့ ဆွီဒင်လွှတ်တော်အမတ် အလီရေဇာ အာခွန်ဒီက သတင်းထောက်တွေကို ပြောပါတယ်။
အီရန်နိုင်ငံမှာ ကာဒစ်ရှ်လူမျိုး အီရန်နိုင်ငံသူ မာဆာအာမီနီဟာ အမျိုးသမီးတွေ မဝတ်မနေရ ဝတ်ရမယ့် အစ္စလာမ္မစ်ခေါင်းဆောင်း ဝတ်ခိုင်းတဲ့ ကျင့်ဝတ်ထိန်းရဲတွေက ဖမ်းတာခံရအပြီး သေဆုံးခဲ့လို့ ၂၀၂၂ စက်တင်ဘာမှာ အီရန်နိုင်ငံတလွှား အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့ပါတယ်။
လူ့အခွင့်အရေးအဖွဲ့အစည်း အမျိုးမျိုးရဲ့ ကိန်းဂဏန်းတွေအရ ဆန္ဒပြပွဲတွေအတွင်း ကလေးတွေ အပါအဝင် လူအယောက် ၅၀၀ လောက် အသတ်ခံခဲ့ရပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို အီရန်အစိုးရက သေဒဏ် စပေးချိန်မှာတော့ အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
လူ့အခွင့်အရေးကောင်စီရှေ့မှာ ပြောတဲ့ မိန့်ခွန်းအတွင်း အီရန်ကိုယ်စားလှယ် ဟူစိန် အာမီယာ အဗ်ဒူလာဟိန်က အမေရိကန်နဲ့ ဗြိတိန်တို့ဟာ အကြမ်းဖက်ဝါဒဖြန့်သူတွေလို့ စွပ်စွဲခဲ့ပါတယ်။
ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးထားတဲ့လူအားလုံး ပြန်လွှတ်ပြီးပြီ၊ စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေတယ်လို့လည်း သူက အာမခံ ပြောဆိုပါတယ်။
အဲဒီနေ့မှာပဲ ကုလဌာနချုပ် အပြင်ဘက်မှာ ဆန္ဒပြသူ ဒါဇင်ချီ စုဝေးခဲ့ကြပါတယ်။ သူတို့က အီရန်ဆန္ဒပြပွဲတွေအတွင်း သေဆုံးခဲ့တဲ့လူတွေကို အာရုံစိုက်ဖို့ သေဆုံးသူတွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ခဲ့ကြပြီး ကွပ်မျက်တာတွေကို လှောင်ပြောင်ခဲ့ကြပါတယ်။
တောင်အာဖရိက၊ အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လ်ဂျီယံ၊ ချီလီ၊ ကော်စတာရီကာ၊ ဂျော်ဂျီယာ၊ ကာဂျစ္စတန်၊ မော်လဒိုက်၊ မော်ရိုကို၊ ရိုမေးနီးယားနဲ့ ဗီယက်နမ်တို့က ဇန်နဝါရီ ၁ ရက်၊ ၂၀၂၃ ကစပြီး ၃ နှစ်သက်တမ်းအတွက် လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေအဖြစ် အောက်တိုဘာ ၁၁ ရက်မှာ ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။
ဂျာမနီနဲ့ ဆူဒန်တို့လည်း ဒုတိယသက်တမ်း ပြန်အရွေးခံရပေမဲ့ တောင်ကိုရီးယား၊ ဗင်နီဇွဲလားတို့နဲ့အတူ အာဖဂန်နစ္စတန်လည်း ရွေးချယ်မခံရပါဘူး။
အဖွဲ့ဝင် ၄၇ ဦးပါတဲ့ ကုလလူ့အခွင့်အရေးကောင်စီဟာ တရားဝင် စည်းနှောင်ထားတဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်ပေမယ့် နိုင်ငံရေးအရ သက်ရောက်ပြီး စုံစမ်းမေးမြန်းမှုတွေကို ခွင့်ပြုပေးနိုင်ပါတယ်။
ကိုယ်စားလှယ်လောင်းတွေကို ပထဝီဝင်အုပ်စုတွေမှာ ရွေးကောက်တင်မြှောက်ထားပြီး အာရှ-ပစိဖိတ်၊ လက်တင်အမေရိကနဲ့ ကာရေဘီယံဒေသတွေမှာ အဖွဲ့ဝင် ၁၄ နိုင်ငံကို ရွေးဖို့ အင်္ဂါနေ့မှာ ပြိုင်ပွဲနှစ်ရပ် ယှဉ်ပြိုင်ခဲ့ရပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေဟာ သက်တမ်း ၂ ကြိမ်ဆက်တိုက်ထက်ပိုပြီး တာဝန်ထမ်းဆောင်လို့ မရပါဘူး။
နက်နက်ရှိုင်းရှိုင်း ကွဲပြားနေတဲ့ ကောင်စီအတွင်း အာဏာချိန်ခွင်လျှာကို ညွှန်ပြနိုင်လို့ ရွေးကောက်ပွဲက အရေးကြီးတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
မဲရေတွက်မှုတွေဟာ အဓိကကျတဲ့ ကိစ္စရပ်တွေအတွက် နီးကပ်လာနေပြီး ပြီးခဲ့တဲ့ သီတင်းပတ်က အနောက်နိုင်ငံဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ရှင်ကျန်းပြည်နယ်အတွင်း တရုတ်တို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ အချေအတင် ဆွေးနွေးရေး တောင်းဆိုရာမှာ သမိုင်းဝင် ရှုံးနိမ့်မှုအနေနဲ့ နှစ်မဲသာ ဆုံးရှုံးပါတယ်။