close

လူ့အခွင့်အရေးအဖွဲ့

close

January 26, 2023

ရုရှား သက်တမ်းအရင့်ဆုံး လူ့အခွင့်အရေးအဖွဲ့ ဖျက်သိမ်းခံရ

ရုရှားနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်တဲ့ မော်စကို ဟယ်လ်ဆင်ကီ အုပ်စုဟာ မှန်မှန်ကန်ကန် မှတ်ပုံတင်မထားဘူးလို့ တရားရုံးက ဆုံးဖြတ်ပြီးတဲ့နောက် ဇန်နဝါရီ ၂၅ ရက်မှာ ဖျက်သိမ်းခံလိုက်ရပါတယ်။

ဆိုဗီယက်အတိုက်အခံ သိပ္ပံပညာရှင်တွေက ၁၉၇၆ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဒီအဖွဲ့ဟာ ရုရှားရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ပတ်လည် အစီရင်ခံစာတွေကို ထုတ်ပြန်ခဲ့တာပါ။

၂၀၂၁ ခုနှစ်က နိုဘယ်ဆုရှင် အောက်မေ့ဖွယ် အခမ်းအနားကို ပိတ်သိမ်းပြီးတဲ့နောက် နိုင်ငံရဲ့ လက်ကျန် လွတ်လပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းနည်းနည်းထဲက  တခုဖြစ်ခဲ့ပါတယ်။

ဒီအဖွဲ့ရဲ့ မူလရည်ရွယ်ချက်က စစ်အေးတိုက်ပွဲ မြင့်မားနေချိန်မှာ တင်းမာမှုတွေကို ဖြေလျှော့ဖို့ ရည်ရွယ်တဲ့ အရှေ့-အနောက် သဘောတူညီချက်ဖြစ်တဲ့ ဟယ်လ်ဆင်ကီ သဘောတူညီချက်ကို ဆိုဗီယက်ပြည်ထောင်စုက လိုက်နာမှုရှိမရှိ စောင့်ကြည့်ဖို့ဖြစ်ပြီး နောက်ပိုင်းမှာ ဒီမိုကရေစီနဲ့ နိုင်ငံသားအခွင့်အရေးတွေကို ထောက်ခံအားပေးဖို့ တိုးချဲ့ခဲ့ပါတယ်။

ဒီအဖွဲ့ဟာ မော်စကိုမြို့တော်မှာသာ လူ့အခွင့်အရေးကာကွယ်ဖို့ မှတ်ပုံတင်ထားပြီး ရုရှားရဲ့ တခြားဒေသတွေ မပါဘူးလို့ ရုရှား တရားရေးဝန်ကြီးဌာနက ဒီဇင်ဘာလမှာ တရားစွဲခဲ့ပြီး မော်စကို ဟယ်လ်ဆင်ကီအုပ်စုကတော့ ဒီစွဲချက်က အမြီးအမောက် မတည့်ဘူးလို့ ငြင်းခုံပြောဆိုခဲ့ပါတယ်။

အဖွဲ့ကို ဖျက်သိမ်းတာဟာ တက်ကြွလှုပ်ရှားသူတွေရဲ့ ဆယ်စုနှစ်များစွာ လုပ်ခဲ့တဲ့ အလုပ်တွေကို အဆုံးသတ်စေလိမ့်မယ်လို့ ဗုဒ္ဓဟူးနေ့က တရားရုံးဆီ စိတ်လှုပ်ရှားစရာ အသနားခံစာထဲမှာ အဖွဲ့ရဲ့ တွဲဘက်ဥက္ကဋ္ဌ ဗလာရီ ဘော်ရှို့ဗ်က တရားသူကြီးနဲ့ တရားရေးဝန်ကြီးဌာန ကိုယ်စားလှယ်တွေကို ပြောခဲ့ပါတယ်။

4 mins Ago
Up