အီကွေဒေါနိုင်ငံ မြို့တော်ကွီတိုရှိ အယ်လ်အင်ကာအကျဉ်းထောင်မှာ အာဏာပိုင်တွေဟာ ဂိုဏ်းခေါင်းဆောင် ၂ ဦးကို လုံခြုံရေးအမြင့်ဆုံးနေရာကို ပြောင်းရွှေ့ပြီးနောက် နိုဝင်ဘာ ၁၈ ရက် က အကျဉ်းထောင်မှာ အကြမ်းဖက်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း အကျဉ်းထောင်အေဂျင်စီက ပြောကြားခဲ့ပါတယ်။
မြို့တော်ရှိ အယ်လ်အင်ကာ အကျဉ်းထောင်မှာ ၉ ဦး သေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးမှု ဖွင့်လှစ်ခဲ့ ကြောင်း ရှေ့နေချုပ်ရုံးက နိုဝင်ဘာ ၁၈ ရက်မှာ တွစ်တာမှာ ပြောကြားခဲ့ပါတယ်။
SNAI အကျဉ်းထောင်အာဏာပိုင်တွေကတော့ အကျဉ်းသား ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ ကြောင်း အတည်ပြုခဲ့ပါတယ်။
သေဆုံးသူတွေရဲ့ အလောင်းတွေမှာ သေနတ်ဒဏ်ရာတွေ၊ လက်နက်ဒဏ်ရာတွေ မတွေ့ရတာ ကြောင့် လည်ပင်းအညှစ်ခံရပြီး သေဆုံးသွားပုံရတယ်လို့ ကွီတိုမြို့တော် ခရိုင်ရဲမှူး ဗစ်တာ ဟာရီရာက ပြောပါတယ်။
အာဏာပိုင်တွေဟာ နိုင်ငံရဲ့ ဖရိုဖရဲ အကျဉ်းထောင်တွေအတွင်း အကြမ်းဖက်မှုတွေ လျော့ပါး စေရေးအတွက် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေလို့ ယူဆရသူ အကျဉ်းသားတွေကို အဆောက်အအုံသစ်တွေဆီ ရွှေ့ပြောင်းပေးနေတာပါ။
SNAI ဟာ ဒီနှစ်မှာ ဂိုဏ်းခေါင်းဆောင်တွေအတွက် ဂိုင်ယာကေးလ်ရှိ လုံခြုံရေးအမြင့်ဆုံး လာရိုကာ အကျဉ်းထောင်ကို ပြန်ဖွင့်ခဲ့ပါတယ်။
မြို့တော်ကွီတို နဲ့ ဆန်တို ဒိုမင်ဂို အကျဉ်းထောင်တွေမှာ မကြာသေးခင်က အကြမ်းဖက်မှုတွေ အတွက် တာဝန်ရှိကြတဲ့လော့စ်လိုဘို ဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင် ဘာမူဒက်ဇ် နဲ့ R7 ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် 'အန်ချွန်ဒီယာ' တို့ကို ထောင်လွှဲပြောင်းပြီးနောက် အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာပါ။
အစိုးရ၀န်ကြီး ဖှရန်စစ္စကို ဟီမန်နက်ဇ်ကတော့ အကျဉ်းထောင်တွင်းနဲ့ လမ်းတွေမှာ လုံခြုံရေး လုပ်ဆောင်ပေးဖို့ လိုအပ်ကြောင်း ပြောထားပါတယ်။
ကနေဒါနိုင်ငံ၊ ဆာစကတ်ချဝန်ပြည်နယ်မှာ လူ ၁၀ ယောက်သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရသွားအောင် တိုက်ခိုက်ခဲ့သူလို့ယူဆရတဲ့ သံသယရှိသူနှစ်ယောက်ကို ရှာဖွေနေတယ်လို့ ကနေဒါရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။
ရဲတပ်ဖွဲ့က ဒါမီယံစန်ဒါဆန်နဲ့ မိုင်လက်စ်စန်ဒါဆန်တို့ကို သံသယရှိသူနှစ်ဦးအဖြစ် ရှာဖွေနေတာဖြစ်ပြီး သူတို့ နှစ်ယောက်ဟာ အနက်ရောင် Nissan Rogue ကားနဲ့ ခရီးသွားနေခဲ့သူတွေလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ဆာစကတ်ချဝန်ပြည်နယ်မှာရှိတဲ့ ဂျိမ်းစ်စမစ်ခရီးနေးရှင်းနဲ့ ဝယ်လ်ဒန်အပါ အဝင် နေရာအများအပြားမှာ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတဲ့ မှုခင်း ၁၃ ခုရှိတယ်လို့ ဆာစကတ်ချဝန်ရဲတပ်ဖွဲ့က ပြောပါတယ်။
တိုက်ခိုက်ခံရသူတချို့ဟာ ပစ်မှတ်ထားတာခံရပြီး တချို့ကတော့ ကြုံရာ ကျပန်း တိုက်ခိုက်ခံရတာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆေးရုံအသီးသီးကို ပို့ဆောင်ထားရတဲ့ ဒဏ်ရာရသူတွေ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။