close

လူ ၁ ဦးသေဆုံး

close

August 9, 2022

ကော့သောင်းတွင် ငါးဖမ်းစက်လှေ မီးလောင်ပြီး လူ ၁ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ပါချန်မြစ်ကမ်းဘေးမှာ ဩဂုတ် ၈ ရက်နေ့က  ငါးဖမ်းစက်လှေ တစီးမီးလောင်ပြီး အမျိုးသား တယောက်သေဆုံးကာ ၃ ယောက် ဒဏ်ရာရသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

မနေ့ မွန်းလွဲ ၂ နာရီလောက်က ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ပါချန်မြစ်ကမ်းဘေး၊ ရွှေဝက်ဝံ တံတားအနီး ဆိုက်ကပ်ထားတဲ့ ငါးဖမ်းစက်လှေတစီး မီးလောင်ခဲ့လို့ မီးသတ်တပ်ဖွဲ့က သွားရောက်မီးငြှိမ်းသတ်ရာမှာ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ လောက်မှာ မီးငြိမ်းသွားတယ်လို့ဆိုပါတယ်။

အဆိုပါမီးလောင်မှုကြောင့် စက်လှေပေါ်ပါ အမျိုးသား တယောက် သေဆုံးပြီး၊ သုံးယောက်ကတော့ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့လို့  ကော့သောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကာ ပျောက်ဆုံးနေသူတယောက်ကိုတော့ ညနေ ၅ နာရီခွဲလောက်မှာ အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့သတင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မီးလောင်တဲ့ ငါးဖမ်းစက်လှေဟာ အဏ္ဏဝါရပ်ကွက်နေ ဦးစိုးလွင် ပိုင်ဆိုင်သော ငါးဖမ်းစက်လှေ ၅ စီးထဲက ထက်ထက်ပိုင်-၂၇ အမည်ရှိ ဝါးလတ်ငါးဖမ်း စက်လှေဖြစ်ပြီး  မီးလိုင်းတွေပြုပြင်စဉ် လျှပ်စစ်ဝါယာရှော့ဖြစ်ရာက စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနီးရှိ ငါးဖမ်းစက်လှေ ၂ စီး မီးကူးစက် လောင်ကျွမ်းခဲ့တယ်လို့ စစ်ကောင်စီကသတင်းထုတ်ပါတယ်။

Photo-DSINFO

5 mins Ago
Up