close

လူ ၅၀ ကျော် သေဆုံး

close

May 8, 2023

မဏိပူရ၌ လူမျိုးရေးအကြမ်းဖက်မှုကြောင့် လူ ၅၀ ကျော် သေဆုံး၊ ရာနှင့်ချီ ဆေးရုံတင်ထားရ

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှာ လူမျိုးရေးအကြမ်းဖက်မှုဖြစ်စဥ်တွေကြောင့် လူ ၅၀ ကျော် သေဆုံးပြီး ရာနဲ့ချီကာ ဆေးရုံတင်ထားရသလို လူ ၂၃၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆေးရုံတာဝန်ရှိသူများနဲ့ အိန္ဒိယစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက ထုတ်ပြန်ပြောပါတယ်။

အခုသီတင်းပတ်အစောပိုင်းကာလမှာ ကူကီးနဲ့ မိတေးမျိုးနွယ်စုဝင်တွေကြား လူမျိုးရေးပဋိပက္ခ ဖြစ်ခဲ့တာကြောင့် အကြမ်းဖက်တာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၅၅ ဦး ထက်မနည်း သေဆုံးကာ ၂၆၀ ဦးကို ဆေးရုံတင်ထားရတယ်လို့ အင်ဖာမြို့ကဆေးရုံ တာဝန်ရှိသူတွေက မေ ၇ ရက်မှာ ပြောကြားလိုက်ပါတယ်။

တချိန်တည်းမှာပဲ ဒီဖြစ်စဥ်အတွင်း တိုက်ပွဲတွေကြောင့် အရပ်သား ၂၃,၀၀၀ လောက်ဟာ နေအိမ်တွေကနေ ထွက်ပြေးခဲ့ရပြီး အိန္ဒိယစစ်တပ်က ဒုက္ခသည်တွေကို ပြည်နယ်အတွင်းက စစ်အခြေစိုက်စခန်းတွေမှာ ပြန်လည်နေရာချထားပါတယ်။

လူမျိုးစုနှစ်စုဟာ အိန္ဒိယနိုင်ငံ အရှေ့ဘက်နဲ့  အင်ဖာမြို့က လမ်းတွေပေါ်မှာ တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေပါတယ်။

အထိခိုက်အများဆုံးကတော့ သေနတ်ဒဏ်ရာဖြစ်တယ်လို့ အင်ဖာဆေးရုံမှ တာဝန်ရှိသူတွေနဲ့ ဒေသဆိုင်ရာ ဆေးသိပ္ပံ ဂျဝါဟာလာနေရူး အင်စတီကျုက တာဝန်ရှိသူတွေက ပြောပါတယ်။

မဏိပူရ ခရိုင်ဆေးရုံမှ ဒေါက်တာမန်ဟက်ဇိုက “လူနာအများစုဟာ ပြင်းထန်တဲ့ ကျည်ဆန်ဒဏ်ရာတွေ ခေါင်းကို ဓားထိထားတဲ့ ဒဏ်ရာတွေနဲ့ ရောက်လာကြတယ်”လို့ CNN ကို ဖြေကြားခဲ့ပါတယ်။

ဒေသတွင်းက ရုပ်မြင်သံကြားနဲ့ ဆိုရှယ်မီဒီယာ လူမှုကွန်ရက်တွေမှာ ထုတ်လွှင့်တဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကတဆင့် အခင်းဖြစ်ပွားရာ လမ်းမတွေပေါ်မှာ အနက်ရောင် မီးခိုးငွေ့တွေ ထူထပ်စွာ ထွက်ပေါ်နေတဲ့ မော်တော်ကားတွေနဲ့ အဆောက်အအုံတွေကို ဝေမျှ ပြသထားပါတယ်။

အိန္ဒိယစစ်တပ်ရဲ့ တပ်မ ၁၂၀နဲ့ ၁၂၅က တပ်ဖွဲ့ဝင်တွေကို ပဋိပက္ခဖြစ်ပွားရာ လမ်းတွေပေါ်မှာ ဖြန့်ကြက်ထားပြီး မိုဘိုင်းအင်တာနက်ကို ငါးရက်ကြာ ဖြတ်တောက်ထားကာ အရပ်သား စုစုပေါင်း ၂၃,၀၀၀ ကို ကယ်ဆယ်ခဲ့ပြီး ဒုက္ခသည်တွေကို စစ်ဆင်ရေး အခြေစိုက်စခန်းတွေဆေ ရွှေ့ပြောင်း ခဲ့တယ်လို့ သိရပါတယ်။

မိတေးလူမျိုးစုဟာ မဏိပူရ လူဦးရေရဲ့ ၅၀ ရာနှုန်းကျော်ရှိတဲ့ လူမျိုးစုဖြစ်ပြီး လွန်ခဲ့သောနှစ်တွေ တည်းက ပြည်နယ်တွင်းမှာ တန်းတူ အသိမှတ်ပြုခံရရေးအတွက် လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတာပါ။ 

လက်ရှိမှာလည်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ အစိုးရအလုပ်ခွင်တွေမှာ အခွင့်ရေး တန်းတူ ပါဝင်ရယူနိုင်ရေးကို လှုပ်ရှားနေကြတာဖြစ်ပြီး အခုဖြစ်စဥ်ကြောင့် ထောင်နဲ့ချီတဲ့ လူငယ်တွေ ကျောင်းသားတွေဟာ ပဋိပက္ခဖြစ်စဥ်မှာပါဝင်နေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - AFP/ Nagaland Digital

8 mins Ago
Up