အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ကလိတ်ဗ်လန်းမြို့ရှိ နေအိမ်တစ်လုံးမှာ သေနတ်နဲ့ပစ်ခတ်မှုအတွင်း အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ ၅ ဦး သေဆုံးခဲ့ရတယ်လို့ ဧပြီလ ၂၉ ရက်မှာ အေဘီစီသတင်းဌာနက ဒေသခံရဲတပ်ဖွဲ့ကို ကိုးကားပြီး သတင်းဖော်ပြခဲ့ပါတယ်။
ဧပြီ ၂၈ ရက် နှောင်းက ဒီပစ်ခတ်မှုအတွက် သံသယရှိသူကို ရဲတပ်ဖွဲ့က ရှာနေတုန်းပဲလို့ သတင်းထဲမှာ ဖော်ပြပါတယ်။
ဆန်ဂျာစင်တိုမြို့နယ် ရဲတပ်ဖွဲ့ရုံးက အရာရှိတွေဟာ ကလိတ်ဗ်လန်းမြို့ကနေ အနှောင့်အယှက် ပေးကြောင်း တိုင်ကြားတဲ့ ဖုန်းခေါ်ဆိုတစ်ခုကို ဒေသစံတော်ချိန် ည ၁၁ နာရီခွဲလောက်မှာ လက်ခံရရှိခဲ့တာပါ။
အဲ့ဒီနောက် အခင်းဖြစ်ရာကို ရဲအရာရှိတွေ ရောက်ရှိသွားချိန်မှာတော့ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ လူအများအပြားကို တွေ့ခဲ့ရတယ်လို့ အေဘီစီ သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒီပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ သံသယရှိသူဟာ မက္ကဆီကန်အမျိုးသားတစ်ဦး ဖြစ်သလို အရက်မူးနေတဲ့အပြင် လက်နက်နဲ့အတူ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ရဲတပ်ဖွဲ့ရုံးက အေဘီစီရုပ်သံကို ဖြေဆိုပါတယ်။
ဒါကြောင့် အာဏာပိုင်တွေအနေနဲ့ အသက် ၃၈နှစ်အရွယ် ဖရန်စစ္စကို အိုရိုပီဇာကို လူသတ်မှု မှုနဲ့ စွဲချက်တင်နိုင်ဖို့ အနီးအနားရှိ တောအုပ်နယ်မြေမှာ ရှာဖွေနေဆဲဖြစ်တယ်လို့ ရဲအရာရှိ ဂရက်ဂ် ကေးပါးက အတည်ပြုပါတယ်။
အခင်းဖြစ်ပွားရာနေအိမ်ကို ဒီသေနတ်သမားက ဝင်ရောက်ကာ စတင်ပစ်ခတ်ချိန်မှာ စုစုပေါင်း လူ ၁၀ ဦးအထိ ရှိနေခဲ့တာဖြစ်ပြီး ကျန်ခဲ့တဲ့လူ ၅ ဦးကတော့ အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း ကေးပါးက ဖြည့်စွက်ပြောပါတယ်။
ဂျော်ဂျီယာနိုင်ငံမှာ စစ်မှုထမ်းဟောင်း အမျိုးသားတယောက်က လူနေအဆောက်အအုံ တခုရဲ့ လသာဆောင်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ရဲအရာရှိ တစ်ဦး အပါအဝင် လူ ၅ ဦး သေဆုံးခဲ့ရပြီးနောက် သူ့ကိုယ်သူလည်း ပြန်ပစ်ခတ်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၀ ရက်မှာ ပြောပါတယ်။
ဂျော်ဂျီယာမြို့တော် တက်ဘလီစီအရှေ့ပိုင်းရှိ ဆာဂရီဟိုမြို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်ရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဂျော်ဂျီယာပြည်ထဲရေးဝန်ကြီးဖြစ်သူ ဗက်ခ်ထန်း ဂိုမယ်လော်ရီက “ဒီ သေနတ်သမားနဲ့ ပတ်သက်ပြီး ပြောနိုင်တာကတော့ သူဟာ ၂၀၀၆ ခုနှစ်မှာ လက်နက်ကိုင်တပ်ဖွဲ့အတွက် တာဝန် ထမ်းဆောင်ခဲ့သူပါ၊ ၂၀၂၁ ခုနှစ်မှာတော့ စစ်တပ်ရာထူးကနေ သူနုတ်ထွက်ခဲ့ပြီး အာဖဂန်နစ္စတန် နိုင်ငံမှာလည်း တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာ ဘယ်သူမှမသိသလို ကျနော်တို့လည်း မသိရသေးပါဘူး”လို့ မှတ်ချက်ပေး ပြောဆိုပါတယ်။
"အခင်းဖြစ်ရာနေရာကို နောက်ထပ်ရဲတပ်ဖွဲ့တွေနဲ့အတူ ပြည်ထဲရေးဝန်ကြီးဌာနက အထူးတပ်ဖွဲ့ တဖွဲ့လည်း ရောက်လာခဲ့ကြကြောင်းနဲ့ သူတို့ရောက်ရှိလာချိန်မှာပဲ တရားခံဖြစ်သူဟာ သေနတ် တလက် နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တာ" ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။
ဂျော်ဂျီယာမီဒီယာတွေကတော့ သေနတ်သမားဟာ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဂျော်ဂျီယာစစ်သားဟောင်း တဦးဖြစ်ကြောင်း အတည်ပြု ဖော်ပြထားပါတယ်။