ကိုဗစ်-၁၉ ကပ်ဘေးရောဂါကနေ အလျင်အမြန် ပြန်လည်နာလန်ထခဲ့ပြီးနောက် တရုတ်နိုင်ငံ စီးပွားရေး အရှိန်အဟုန်နဲ့ ပြန်တိုးတက်နေသလို တရုတ်လေကြောင်းဈေးကွက်လည်း ပိုပြီး ကျယ်ပြန့်လာနေပါတယ်။
နောက် ဆယ်စုနှစ်နှစ်ခုကျော်အထိ တရုတ်ရဲ့ လေကြောင်းဈေးကွက် ပုံမှန်တိုးတက်နေမယ်လို့ ဥရောပလေယာဉ်ထုတ်လုပ်တဲ့ Airbus ကုမ္ပဏီက ခန့်မှန်းထားပါတယ်။
Airbus ကုမ္ပဏီရဲ့ တရုတ်နိုင်ငံဆိုင်ရာ စီအီးအို ရှုဂန်း က “၂၀၂၁ မှာ Airbus လေယာဉ် ၁၄၂ စီး တရုတ်ဈေးကွက်ကို တင်ပို့ခဲ့ရတယ်။ တကမ္ဘာလုံးကို Airbus ရောင်းချခဲ့ရမှုရဲ့ ၂၃ ရာခိုင်နှုန်း ရှိပါတယ်။
တရုတ်ဈေးကွက်မှာ လေယာဉ်ဝယ်လိုအား အများကြီးတိုးတက်လာဖို့ ရှိနေတယ်” လို့ CGTN သတင်းဌာနကို ပြောပါတယ်။
တရုတ်အစိုးရက မကြာခင်က ၁၄ ကြိမ်မြောက် လေကြောင်းဖွံ့ဖြိုးရေး ၅ နှစ် စီမံကိန်းကို ထုတ်ပြန်ပါတယ်။
တရုတ်လေကြောင်းဌာနက ၂၀၂၅ နှစ်ကုန်မှာ ခရီးသည် သန်း ၉၃၀ နဲ့ ကာဂိုလေယာဉ်တွေရဲ့ တန်ချိန် ၉ ဒသမ ၅ သန်းကို နှစ်စဉ် စီမံကိုင်တွယ်ရမယ်လို့ ဖော်ပြထားပါတယ်။
လာမယ့် နှစ် ၂၀ အတွင်း တရုတ်ရဲ့ ကောင်းကင်မှာ လေယာဉ်အရေအတွက် ၂ ဆ တိုးလာမှာပါ။ တရုတ်ပြည်တွင်း လေကြောင်းပျံသန်းမှုက တကမ္ဘာလုံးကို ပျံသန်းမှုထက် ၃ ဆ ပိုလာမယ်လို့ Airbus က ခန့်မှန်းထားတာပါ။
ဥရောပလေယာဉ်ကုမ္ပဏီက နည်းပညာတီထွင်ဆန်းသစ်မှုနဲ့ တရုတ်နဲ့ စက်မှုပူးပေါင်းမှုတို့ကတဆင့် ကာဗွန်ထုတ်လုပ်မှုလျှော့ချဖို့လည်း ကြိုးစားနေတယ်လို့ မစ္စတာရှုက ပြောပါတယ်။