close

လေကြောင်းတိုက်ခိုက်မှု

close

May 9, 2023

ဂါဇာကမ်းမြောင်တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အစ္စလာမ္မစ် ဂျီဟတ် တပ်မှူး ၃ ဦး သေဆုံး

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုအတွင်း အကြီးတန်း အစ္စလာမ္မစ် ဂျီဟတ်တပ်ဖွဲ့က တပ်မှူး ၃ ဦး သေဆုံးသွားကြောင်း ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။

ဟားမတ်စ် အုပ်ချုပ်တဲ့ ကမ်းရိုးတန်းနယ်မြေအတွင်းက ဒုတိယအင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့ကို မေလ ၉ ရက် အရုဏ်မတက်ခင်အချိန်မှာ စစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုထားပါတယ်။

ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေကြောင့် ဂါဇာဒေသ လှုပ်ခါသွားရပါတယ်။ လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သား ၃ ယောက် အပါအဝင် ပါလက်စတိုင်း ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဆေးပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ အကြီးတန်းတပ်မှူး ၃ ဦးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားလိုက်ပြီး အစ္စလာမ္မစ် ဂျီဟတ် သတင်းရင်းမြစ် ၂ ခုကလည်း သေဆုံးမှုကို အတည်ပြုခဲ့ပါတယ်။

ဂါဇာကမ်းမြောင်နဲ့ ဖြတ်လမ်းနှစ်ခုကို လူတွေနဲ့ ကုန်ပစ္စည်းတွေ အဝင်အထွက်အတွက် နောက်ထပ်သတိပေးချက် မထုတ်မချင်း ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ပါလက်စတိုင်းတွေနဲ့ အရပ်ဘက်ရေးရာ ညှိနှိုင်းဆောင်ရွက်တဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနမှ ယူနစ်အဖွဲ့ငယ် တခုဖြစ်တဲ့ COGAT က ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အစ္စရေးရဲ့ ဖမ်းဆီးချုပ်နှောင်ထားမှုအတွင်း ပါလက်စတိုင်း အစာငတ်ခံ ဆန္ဒပြသူတဦး သေဆုံးမှုကြောင့် ဂါဇာမှာ အစ္စရေးနဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား နာရီအတော်ကြာ နယ်စပ်ဖြတ်ကျော်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ပါလက်စတိုင်းအမျိုးသားတဦး သေဆုံးခဲ့ပါတယ်။

သတ်ဖြတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဒုံးပျံ ပစ်လွှတ်လာနိုင်ခြေတွေကို ကြိုမှန်းဆထားပြီးတော့ ဂါဇာကမ်းမြောင်ဒေသကနေ ကီလိုမီတာ ၄၀ အကွာရှိ မြို့တွေမှာ နေထိုင်တဲ့ အစ္စရေးတွေအတွက် အင်္ဂါနေ့ ဒေသစံတော်ချိန် မနက် ၂ နာရီခွဲကနေ အင်္ဂါနေ့ ညနေ ၆ နာရီအထိ ဗုံးခိုကျင်းတွေနားမှာပဲ ရှိနေကြဖို့ အပါအဝင် အထူးညွှန်ကြားချက်တွေကို အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

2 days Ago

May 3, 2023

ထန်းတပင်မြို့နယ်၌ စစ်တပ်က လေကြောင်းမှတိုက်ခိုက်၊ ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးအရှေ့ဘက်ကမ်း ဘုမ္မတီးရွာ၊ ကျွဲလမ်းရွာ၊ သရက်တန်း၊ ကြို့ပင်သာရွာတွေကို မေ ၂ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီရဲ့ တောင်ငူလေတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၅ ဦး ထိမှန်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၂ နယ်မြေအတွင်းက ကျေးရွာတွေကို တောင်ငူလေတပ်ကနေ တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်ဗုံးကြဲပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ထိမှန်သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တချို့ ပျက်စီးဆုံးရှုံးခဲ့ရသလို ကျေးရွာ ၄ ရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒေသခံရွာသားတဦးက “လေကြောင်းကနေ ဗုံးကြဲပြီး ပစ်ခတ်သွားတာ။ အခု အရပ်သားပြည်သူတွေနေတဲ့ရွာမှန်း သိသိနဲ့လုပ်တာ။ လက်နက်မဲ့ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ လုပ်သွားတာ။ ကျနော်တို့ပြည်သူတွေကလည်း အကြမ်းဖက်စစ်တပ်ကို အမြစ်ပြတ်စေချင်ပြီ။ အမြန်ဆုံးလည်း ချုပ်ငြိမ်းစေချင်ပြီ။ ပြည်သူတွေက ကျီးလန့်စာစား နေနေရတဲ့ဘဝ ဖြစ်နေပြီ” လို့ ပြောပါတယ်။

မေ ၂ ရက် မနက်ပိုင်းက ‌ေကအန်ယူ တပ်မဟာ ၂ တာဝန်ရှိသူတွေ အစည်းအဝေး ပြုလုပ်နေတာကို စစ်ကောင်စီတပ်က သတင်းရရှိပြီး တောင်ခြေမှာရှိတဲ့ ကျေးရွာတွေကို ပစ်မှတ်ထားသလို ဘုမ္မတီးရွာအတွင်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင်တွေ ရောက်ရှိနေတယ်ဆိုတဲ့သတင်း စစ်ကောင်စီတပ်ကို သတင်းပေးသူရှိတဲ့အတွက် အခုလို လာရောက်ဗုံးကြဲတာ ဖြစ်နိုင်တယ်လို့ ကေအန်ယူ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဘုမ္မတီးကျေးရွာထဲကို ဇရပ်ကြီးအခြေစိုက် စစ်တပ်က လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိရာ ဧပြီလ နောက်ဆုံးပတ်က အသက် ၅၀ အရွယ် အမျိုးသားတဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

photo-cj

1 week Ago
Up