စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်တိုက်ခိုက်လို့ ကျားဖြူစစ်ကြောင်းက ရဲမေတယောက်အပါအဝင် PDF ရဲဘော် ၃ ယောက် ကျဆုံးသွားတယ်လို့ စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်ကြားမှာရှိတဲ့ ကျားဖြူစစ်ကြောင်း (၂) စစ်ကြောင်းရုံး၊ တပ်ခွဲ ၁၊ တပ်ခွဲ ၆ ရဲ့ နောက်တန်းစခန်းတနေရာကို မေ ၇ ရက် ညက တိုက်လေယာဉ်နဲ့ လာရောက်ပြီး ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ မေ ၈ ရက်နေ့လယ်ပိုင်းမှာလည်း Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ထပ်ပြီးလာပစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ကျားဖြူတပ်ခွဲ ၁ က ရဲမေ ရဲမေ မခင်သန္တာဆွေ (ခ) မမြင့်၊ ရဲဘော် ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော် ထွန်းလင်းအောင် (ခ) မြကြီးတို့ကျဆုံးခဲ့ပြီး ရဲဘော် ၄ ယောက်လည်း မပြင်းထန်တဲ့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒီရဲဘော်တွေဟာ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ဂုဏ်ယူစွာနဲ့ အသက်ပေးခဲ့ရတာဖြစ်ပြီး သူတို့ကိုယ်စား အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး အဆုံးထိတွန်းလှန်နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ စစ်ကြောင်းက ထုတ်ပြန်ပါတယ်။
ပြီးတော့ ကျဆုံးရဲဘော်တွေဟာ သူတို့ရဲ့ မိသားစု၊ ချစ်သူ၊ လူမှုအသိုက်အဝိုင်း၊ တပ်ခွဲ၊ တပ်ဖွဲ့၊ စစ်ကြောင်း၊ PDF တပ်မတော်၊ နိုင်ငံနဲ့ အဆုံးစွန်သောလူ့ဘောင်ကို အဓမ္မတရား မင်းမူစိုးမိုးနေရာကနေ ဓမ္မတရားထွန်းကားစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရတို့နဲ့ပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကျေကျေတာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ပြီးကြတဲ့ ဓမ္မဘက်တော်သား PDF တွေဖြစ်တယ်လို့ စစ်ကြောင်းက အမိန့်ပြန်တမ်း ထုတ်ထားပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မဲကနယ်ကျေးရွာနားမှာရှိတဲ့ ကျောက်တောင်ဒေသဘက်ကို မြဝတီမြို့အခြေစိုက် ၂၇၅ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ အတွဲလိုက် ပစ်ခတ်ခဲ့တယ်လို့ မြဝတီမြို့ဒေသခံတွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီဘက်ကနေ လေကြောင်းကနေကြဲချတဲ့ ဗုံးသီးတွေက ထိုင်းနိုင်ငံထုတ် တံဆိပ်တွေတွေ့ရတယ်လို့ ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ထုတ်ဖော်ပြောဆိုထားပါသေးတယ်။
မြဝတီမြို့အခြေစိုက် ၂၇၅ တပ်ရင်းထဲကနေလည်း ဧပြီ ၂၈ ရက် ည ၁ဝ နာရီလောက်ကစတင်ပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပျက်စီးမှုတွေအများအပြားရှိနိုင်ကြောင်း မြဝတီမြို့အမည်မဖော်လိုသူဒေသခံတဦးက ပြောပါတယ်။
"ည ၁ဝ နာရီကျော်လောက်ကတည်းက စပစ်တာခင်ဗျ။ တခါပစ်ရင် ၄ လုံးဆက်တိုက်၊ ထုံးစံအတိုင်း ၂၇၅ က ပစ်တာပါ။ အသံတွေက အတော်ကျယ်တယ်၊ ည ၁ နာရီကျော်၊ ၂ နာရီလောက်အထိ ဆက်တိုက်ပစ်နေတာ။ အဲ့နားမှာက စစ်ရှောင်တော့ သိပ်မရှိဘူး၊ လူနေအိမ်ခြေနည်းနည်းတော့ရှိတယ်၊ အခုလောက်ဆိုကုန်ရောပေါ့။"
လက်ရှိမှာတော့ မဲကနယ်ကျေးရွာထဲကနေ ကျောက်တောင်ဒေသဘက်ကို စစ်ကြောင်းထိုးဖို့ အကြိမ်ကြိမ်ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေပါတယ်။
လက်ရှိအခြေအနေကိုတော့ မြေပြင်တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အင်တာနက်အခက်အခဲ၊ စစ်ရေးအခြေအနေကြောင့် ပြန်လည်ဖြေကြားခြင်းမရှိသေးတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေကို ဒီဗွီဘီအနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။