close

လေကြောင်းပစ်ခတ်မှုကြောင့်  ရသေ့တောင်မြို့နယ်က ရွာသား ၁၀၀၀ ခန့်ထွက်ပြေးလာ

close

May 19, 2022

ရွေးကောက်ပွဲအမှုပေါင်း ၁၀၀၀ ခန့် တရားစွဲထားဟု စစ်ကောင်စီဩဇာခံ ကော်မရှင်ပြော

ပြီးခဲ့တဲ့ ၂၀၂၀  ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အမှုပေါင်း ၁၀၀၀ လောက် တရားစွဲဆိုထားတယ်လို့ စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးတင်မောင်ဦးက မေလ ၁၉ ရက် ဒီနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရွေးကောက်ပွဲဥပဒေအရ ရဲစခန်းတွေမှာ တရားစွဲဆိုထားတာ ၅၄၆ မှု၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ၊ မဲမသမာမှုတွေနဲ့ တရားမဲ့ ပြုကျင့်မှုတွေကို တရားစွဲဆိုတာက ၇၈ မှု၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေအပေါ် ကြီးကြပ်ကွပ်ကဲဖို့ ပျက်ကွက်တာအတွက် တရားစွဲဆိုတာက အမှု ၃၇၀ ရှိတယ်လို့ ဦးတင်မောင်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲကာလ သတင်းတွေအရတော့ ကော်မရှင်တံဆိပ်တုံး အတုလုပ်တာအပါအဝင် မသမာမှုတွေကို ရွေးကောက်ပွဲနေ့မှာ ကြံ့ခိုင်ရေးပါတီဝင်တွေက ပြုလုပ်ခဲ့ကြပြီး ဖမ်းဆီးမိခဲ့ပေမဲ့ အရေးယူတာမရှိပါဘူး။  

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ပြုစုရာမှာ လဝက စာရင်း၊ မှတ်ပုံတင်တို့နဲ့ တိုက်ဆိုင် စာရင်းလုပ်တာမဟုတ်ဘဲ အရှိအတိုင်း စာရင်းလုပ်လို့ မဲဆန္ဒရှင်စာရင်းမှာ ၁၁ ဒသမ ၃ သန်းကျော်ဟာ မှားယွင်းပြီး မသမာလုပ်နိုင်တယ်လို့ ဦးတင်မောင်ဦးက ပြောပါတယ်။

ဒါ့အပြင် ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကန့်ကွက်လွှာအမှု ၂၉ မှု၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ၄၅ မှုနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ၂၈၇ ခု ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ အခြေခံမဲဆန္ဒရှင်စာရင်းကို တိုက်ဆိုင်စစ်ဆေးနေပြီး စစ်ဆေးဖို့ ၂၅ မြို့နယ်ပဲ ကျန်တော့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက အပြတ်အသတ်အနိုင်ခဲ့ပြီး ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့တွေနဲ့ အစိုးရတွေက သတ်မှတ်ကြေညာခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီက အပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီးနောက်မှာ စစ်တပ်က မဲမသမာမှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကိုလည် ပယ်ဖျက်ကြောင်းကြေညာကာ နောက်ထပ် ရွေးကောက်ပွဲသစ် ထပ်မံ ကျင်းပဖို့ ကြိုးပမ်းနေပါတယ်။

9 hours Ago

February 6, 2020

လေကြောင်းပစ်ခတ်မှုကြောင့်  ရသေ့တောင်မြို့နယ်က ရွာသား ၁၀၀၀ ခန့်ထွက်ပြေးလာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ တပ်မတော်ကလေကြောင်းကပစ်ခတ်မှုတွေကြောင့် ကျေးရွာ ၁၁ ရွာလောက်က ဒေသခံ ကျေးရွာသား ၁၀၀၀ နီးပါး ရသေ့တောင်မြို့နယ်က ခွဆုံကျေးရွာကို ဖေဖော်ဝါရီ ၄ ရက်နဲ့  ၅ ရက်နေ့တို့မှာ ထွက်ပြေးလာကြပါတယ်။ ဖော်ဖော်ဝါရီ ၄ ရက်က ရသေ့တောင်မြို့နယ်ထဲမှာ တပ်မတော်က လေကြောင်းပစ်ခတ်မှုတွေ လုပ်ခဲ့ပြီးနောက် သမီးလှရွာသစ်၊ သမီးလှရွာဟောင်း၊ မညှင်းတောင်၊ ကုလားချောင်း၊ ရက်ခုန်တိုင်း၊ ညောင်းပင်လှ၊ ပြိန်းတော၊ ကုန်တန်း၊ အိုးဖောက်၊ ဇေယျာမြိုင်၊ အုန်းချောင်းကျေးရွာတွေက ကျေးရွာသား ၁၀၀၀ နီးပါး စက်လှေတွေနဲ့ ထွက်ပြေးလာကြတာဖြစ်ပါတယ်။ ခွဆုံကျေးရွာတာဝန်ခံ ဦးသိန်းမောင်က “မနေ့က တပ်မတော်က လေယာဉ်နဲ့ ပြင်းပြင်းထန်ထန် ပစ်တယ်။ အဲ့ဒီမှာကြောက်ပြီးတော့ အကုန်ထွက်ပြေးလာကြတယ်။ မနေ့ည ကတည်းက လာတဲ့သူတွေရှိတယ်။ ဒီနေ့ဆိုရင်စစ်ဘေးရှောင် ၁၁ ရွာလောက်က ကျနော်တို့ရွာကို ရောက်နေပြီ၊ ကလေးတွေ၊ လူလတ်ပိုင်းတွေ၊ လူကြီးပိုင်တွေအကုန်ပါတယ်။ အခုကျနော်တို့ စာရင်း ကောက်နေတုန်းရှိသေးတယ်။ လောလောဆယ်ကောက်ယူထားတဲ့လူက ၁၀၀၀ နီးပါးလောက်ရှိ နေပြီ” လို့ပြောပါတယ်။ ခွဆုံကျေးရွာကို ရောက်ရှိလာသူ‌တွေအတွက် စားနပ်ရိက္ခာ ပြတ်လတ်အခက်အခဲတွေ့နေပြီး အစားအစာတွေရရှိဖို့အတွက် အဖွဲ့အစည်းတွေကို အကူအညီတောင်းထားတယ်လို့ သိရပါတယ်။  ခွဆုံကျေးရွာသားဦးမောင်ဖြူက “ကျနော်တို့ရွာမှာလည်း ဒီလောက်လူဦးရေနဲ့ ဘယ်လုပ်နိုင် မလဲ၊ ရွာမှာလည်းစားနပ်ရိက္ခာပြတ်နေပြီ၊ တိုက်ပွဲကလည်း ဆက်တိုက်ဖြစ်နေတော့ ဘယ်သူ့မှ အပြင်ထွက်ပြီးတော့ မလုပ်မလုပ်ရဲကြတော့ဘူး။ ရှိတာလေးနဲ့ ကြည့်ပြီးစားနေရတာ၊ အခု လူတွေတိုးလာပြီ၊ ဘယ်လုပ်ကြမလဲ၊ လောလောဆယ်မှာတော့ ရွာမှာရှိတာလေးကို စားနေ ကြတယ်။ အဖွဲ့အစည်းတချို့ကိုတော့ အကူအညီတောင်းထားတယ်။ အခုအချိန်အထိတော့ အကြောင်းမပြန်သေးဘူး။”လို့ ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ ရသေ့တောင်မြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်နေ့တို့မှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားပြီးနောက်မှာ တပ်မတော်ဘက်က ဖေဖော်ဝါရီ ၄ ရက်မှာ ရဟတ်ယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုလိုက်ခဲ့တာလို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
2 years Ago
Up