စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးက လေးအိမ်စုကျေးရွာကို စစ်ကောင်စီက လေကြောင်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
တိုက်ပွဲမဖြစ်ဘဲ မေ ၉ ရက် ညနေ ၃ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ Mi 35 ဂျက်ဖိုက်တာနဲ့ ရုတ်တရက် လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရွာသားတွေအားလုံး ဘေးလွတ်ရာ ဒေသတွေနဲ့ မြို့ပေါ်တွေထိ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
လေးအိမ်စုရွာသားတဦးက “ဂျက်လေယာဉ်က ပထမ ရွာပေါ်ကနေ ပျံသွားပြီး အပြန်လှည့်ပစ်တာ။ ရွာထဲကို တည့်တည့်ပစ်တာပါ။ တရွာလုံးတော့ ပြေးနေကြတယ်။ ရွာကလူတွေ ထိခိုက်ဒဏ်ရာရတာတွေတော့ မရှိကြဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါလေးအိမ်စုကျေးရွာမှာ PDF တွေရှိတယ် အထင်နဲ့ စစ်ကောင်စီက လေကြောင်းကနေ ပစ်တာဖြစ်နိုင်တယ်လို့ ရွာခံတွေ ခန့်မှန်းနေကြပြီး လက်ရှိ တိမ်းရှောင်နေရတဲ့ ဒေသခံတွေကတော့ နေထိုင်စားသောက်ရေး အကူအညီလိုအပ်နေတယ်လို့လည်း ပြောပါတယ်။
လေးအိမ်စုကျေးရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ဒေသခံ ၇၀၀ ဝန်းကျင် နေထိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း စစ်ကောင်စီက လေးအိမ်စုရွာထဲကို စစ်ကြောင်းထိုးပြီး ဒေသခံနေအိမ်အချို့ကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
ကလေးမြို့၊ မြို့သာရပ်ကွက်က ဒေသခံ ကျော်ဇေယျာမျိုးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အရ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုကျော်ဇေယျာမျိုးကို ဆန္ဒပြပွဲတွေမှာ ပါဝင်ကာ အကြမ်းဖက်မှုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်စွပ်စွဲပြီး စစ်ကောင်စီက မေ ၈ ရက်က ထောင်ဒဏ်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီ စွပ်စွဲသလို ကိုကျော်ဇေယျာမျိုးဟာ ဆန္ဒပြပွဲတွေမှာ မပါဝင်ခဲ့ဘူးလို့ မိသားစုဝင်နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"၈ ရက်နေ့ရုံးချိန်းမှာ အမိန့်ချပြီး မော်လိုက်ထောင်ကို ရောက်သွားပါပြီ။ သူကျန်းကျန်းမာမာရှိပါတယ်။"
ကိုကျော်ဇေယျာမျိုးဟာ မတ် ၁၁ ရက်က သာစည်ရွာကိုသွားစဉ် မြို့သာရပ်ကွက် အဖွဲ့စက် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာက ထန်းတော ဗောတိ အ.ထ.က စာသင်ကျောင်းကို စစ်ကောင်စီတပ်က မေ ၉ ရက် နေ့လယ် ၂ နာရီကျော်က တိုက်လေယာဉ်နဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
“အကြောင်းမဲ့ကို လာပစ်ခတ်တာဗျ။ ပစ်တာက ၂ ခေါက်ပစ်တာ။ ပထမက ဗုံးသီး ၈ လုံးချ ပစ်ခတ်တယ်။ နောက်တခေါက်ကျတော့ စက်လက်နက်တွေနဲ့ပစ်တာ။ ဘာကြောင့် ပစ်တာလဲတော့မသိဘူး။ မြေပြင်မှာ စစ်ရေးတင်းမာမှုလည်း မရှိဘူး။ စစ်ကြောင်းလည်း မရှိဘဲကို လာပစ်တာ။ ကံကောင်းတာက ကျောင်းသားတွေ နေအရမ်းပူလို့ ကျောင်းကို တနေကုန်မဟုတ်ဘဲ နေ့တပိုင်းပဲတက်ပြီး ကျောင်းဆင်းချိန်စောသွားလို့ အသေအပျောက်မရှိခဲ့တာဗျ။ တနေကုန်သာ ကျောင်းတက်မယ်ဆိုရင်တော့ မတွေးရဲစရာဘဲ။ ဒုတိယ ပဇီကြီးကျေးရွာဖြစ်သွားနိုင်တယ်။ သူတို့ အခုလို မိုင်းချပြီး ပစ်ခတ်တာတွေ လုပ်တာကြောင့် နေပူပူမှာ ဒေသခံသောင်းနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်” လို့ တင်တိမ်ရံရွာသားတဦးက ပြောပါတယ်။
ဗုံးချတိုက်ခိုက်ခံရတာကြောင့် ကျောင်းဝင်းအတွင်း ၄ လုံးနဲ့ ကျောင်းအုတ်တံတိုင်းဘေး ၄ လုံး ကျပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းမုခ်ပေါက်၊ အမိုးနဲ့ သွပ်အမိုးတွေ ပေါက်ထွက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ခြမ်းက မလဲသာကျေးရွာအနီးမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး ဖေဖော်ဝါရီ ၂၄ ရက် ဒီမနက် ၉ နာရီက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားတချို့ ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီက အင်အား ၈၀ ကျော်နဲ့ အရာတော်မြို့ကနေ ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး ကျောက်ပြုတ်ရွာဘက်ကို စစ်ကြောင်းထိုးနေကာ နွားမသင်းအရှေ့ရွာအနောက်ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ စပြီးမီးရှို့ခဲ့လို့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲစဖြစ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်မှာ နွားမသင်းရွာကနေ မင်းရွာကို ထပ်စစ်ကြောင်းထိုးပြီး မီးထပ်ရှို့ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေ အကျအဆုံးများတာကြောင့် မနေ့နေ့လယ်ပိုင်းမှာ နမခစစ်တပ်ကနေ လေယာဉ် ၃ စီးနဲ့ လာရောက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။
မြေပြင်ကိုလည်း လေယာဉ် ၃ စီးနဲ့ အင်းအားဖြည့်တင်းတာတွေ ရှိနေတာကြောင့် အခုလတ်တလောအချိန်မှာ စစ်သားအင်အား ၃၀၀ နီးပါးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
မလဲသာရွာခံတဦးက “နမခကနေ နေ့လယ်ပိုင်းရောက်တော့ ဂျက်လေယာဉ်တွေနဲ့ ဝေဟင်ကနေ လာပစ်တယ်ဗျ။ နောက်ပြီး မြေပြင်ကိုလည်း စစ်သားအင်အားတွေ ထပ်ချတယ်။ လေယာဉ်နဲ့ စစ်သားတွေလာချတာက ညောင်ပင်ရွာအနီးမှာချတာ။ အဲလိုချပြီး ဒီနေ့ ၉ နာရီမှာ တိုက်ပွဲထပ်ဖြစ်နေတယ်။ နားလိုက် ပစ်လိုက်နဲ့ပဲ။ သူတို့လေယာဉ်နဲ့ပစ်လို့ ကျနော်တို့ မလဲသာရွာက အရပ်သားတွေဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦး ကျည်ထိမှန်ထားတယ်။ ဒါက ကနဦး အတည်ပြုထားနိုင်တဲ့ အရေအတွက်ပါဗျ။ နောက်ထပ်လည်း ထပ်ရှိနိုင်သေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက လေယာဉ်အသုံးပြုပစ်ခတ်ပြီး မြေပြင်မှာ စစ်သားတွေချကာ ကျေးရွာအတွင်းက အရပ်သားပြည်သူ ၅၀ ထက်မနည်းကို မနေ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးထားပြီး ဒီနေ့အချိန်ထိ ပြန်လွှတ်ပေးတာ မရှိသေးတာကြောင့် ဖမ်းဆီးခံထားရတဲ့ မိသားစုတွေက စိုးရိမ်ပူပန်နေကြတယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။
အရာတော် Dranger Force LPDF အဖွဲ့မှ မောင်းလေးက “ဒီတိုက်ပွဲကတော့ အရာတော်မှာ အကြီးမားဆုံးတိုက်ပွဲလို့ ပြောလို့ရသလို စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များတဲ့ပွဲလို့လည်း ပြောလို့ရတယ်။ ၂၁ ရက်နေ့ကနေ စပြီး ဒီနေ့အထိ တိုက်ပွဲကဖြစ်နေတာ။ ၄ ရက်ကြာတိုက်ပွဲမှာ (--)တွေဘက်က ၃၀ ကျော်အထိ ကျဆုံးနေတယ်ဗျ။ ကျနော်တို့ဘက်ကတော့ ရဲဘော် ၂ ဦးကျဆုံးပြီး တဦး မစိုးရိမ်ရဒဏ်ရာ ရထားတယ်။ သူတို့ လေယာဉ်နဲ့ပစ်လို့ အရပ်သားတွေ သေဆုံးတာတွေလည်း ရှိနိုင်တယ်ဗျ။ လောလောဆယ်တော့ အရပ်သား သေဆုံးစာရင်း အတိအကျတော့ မသိရနိုင်သေးဘူး” လို့ ပြောပါတယ်။
မလဲသာမှာ စစ်ကြောင်းတကြောင်း၊ မင်းရွာမှာ စစ်ကြောင်းတကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းက ရွာထဲကနေ မထွက်သေးဘဲ ရှိနေပြီး ညောင်ပင်ရွာအနီးက ကွမ်းခြံတွေကိုလည်း စစ်ကောင်စီက မီးရှို့နေတယ်လို့ ရွာသားကပြောပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ အရာတော်မြို့နယ်မှာ အခုလို စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နွားမသင်းအရှေ့ရွာ၊ နွားမသင်းအနောက်ရွာ၊ မင်းရွာ၊ မလဲသာရွာ၊ ညောင်ပင်ရွာ စတဲ့ ကျေးရွာအနီးက ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။