စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ပိတ်ခယားရွာကို စစ်ကောင်စီက မေ ၄ ရက် နေ့လယ် ၁ နာရီ ၄၀ မိနစ်လောက်မှာ လေယာဉ်နဲ့ ဗုံး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါလေယာဉ်ဟာ တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး ကလေးမြို့ကနေ လာရောက်ဗုံးချ တိုက်ခိုက်ကာ စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံရွာသားတဦးက “မြေပြင်ကတော့ ဘာတိုက်ပွဲမှ မဖြစ်ဘဲနဲ့ကို လာပစ်တာပါ။ ဗုံးသုံးလုံးချတယ်။ ရွာစာသင်ကျောင်းအနီး ဘောလုံးကွင်းဘေး ၂ လုံး၊ စာသင်ကျောင်းအနီး ၁ လုံး စုစုပေါင်း ၃ လုံးကျတာ။ နွားတွေရော၊ အိမ်တွေရော ပျက်စီးသေဆုံးတာတွေရှိတယ်။ အပျက်အစီး အသေးစိတ်ကတော့ အရေးပေါ်ဆိုတော့ စာရင်းအတိအကျ မပြုစုရသေးဘူး။ လူကတော့ ၄ နှစ် ကလေးငယ် ၁ ဦး၊ အသက် ၅၀ ကျော် အဘွားအို ၂ ဦး၊ အဘိုးအို ၁ ဦး သေတယ်။ ဒဏ်ရာရတာလည်း ၅ ဦးအထက်မှာ ရှိတယ်ဗျ။ သွေးရူးသွေးတန်းနဲ့ ကြောက်လန့်ပြီး ရွာအပြင် ထွက်ပြေးကြတယ်ဆိုတော့ အခု အသေးစားဒဏ်ရာရသူတွေလည်း ရှိနေသေးတယ်။ ဒဏ်ရာအပြင်းအထန်ရသူကတော့ လတ်တလော ၅ ဦးရှိတယ်” လို့ ပြောပါတယ်။
သေဆုံးသူတွေကတော့ ၄ နှစ်အရွယ် မောင်သက်နိုင်လင်း၊ အသက် ၅၀ အရွယ် ဒေါ်အုန်းစိန်၊ ဒေါ်မြဝင်းနဲ့ ဦးသန်းဆွေတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ပိတ်ခယားကျေးရွာဟာ အိမ်ခြေ ၁၂၀ ရှိပြီး စစ်ကောင်စီက အခုလိုပစ်ခတ်တာကြောင့် ဒေသခံရွာသားတွေ ကြောက်လန့်ပြီး ရွာအတွင်းမနေရဲတော့ဘဲ တောတောင်တွေထဲ ထွက်ပြေးနေကြကြတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ဧပြီ ၁၈ ရက်ညပိုင်း တိုက်ပွဲမဖြစ်ဘဲ ပြည်သူနေအိမ်တွေကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၊ ဗုံးကြဲလေယာဥ်နဲ့ ၃ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF - Mindat ကနေ သိရပါတယ်။
မနေ့ည ၉ နာရီ ၁၅ မိနစ်လောက်မှာ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်လေတပ်ကနေ ဂျက်ဖိုက်တာတစီးက ပျံသန်းလာခဲ့ပြီး မင်းတပ်မြို့နယ် တိုက်နယ် ၂ ဘက်က ကျေးရွာတွေကို ဗုံး ကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
CDF-Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာန တာဝန်ရှိသူတဦးက “ မင်းတပ်မြို့ တိုက်နယ် ၂ ဘက်ကို ကြဲတာပါ။ အဲဒီနားမှာက ကာကွယ်ရေးတပ်ဖွဲ့တွေ မရှိဘူး၊ တိုက်ပွဲလည်း မဖြစ်ပွားဘူး။ ပြည်သူတွေပဲ နေတာ။ အဲဒါကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။”
စစ်ကောင်စီရဲ့ လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာနေလူထု ပျက်စီးဆုံးရှုံးမှု များနိုင်ပေမဲ့ ပျက်စီးရှုံးဆုံးမှုတွေတော့ အတည်ပြုလို့မရသေးဘူးလို့ဆိုပါတယ်။
CDF-Mindat က တာဝန်ရှိသူတဦးက “၂၀၂၂ ဇူလိုင် ၇ ရက်နေ့ ကနေစပြီး မင်းတပ်မြို့ထဲကို ဆက်တိုက်ဆိုသလို ကြဲနေတာ ဒီနေ့အထိပါပဲ။ နောက်ပြီး သူတို့တွေက ကာကွယ်ရေးတပ်စခန်း တည်နေရာတွေ မဟုတ်တဲ့ ပြည်သူတွေနေတဲ့ နေရာကိုပဲ ရွေးပြီး ကြဲနေတာပါ။ ပြည်သူတွေလည်း အထိတ်တလန့်နဲ့ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး ဒီတခေါက် ပျက်စီးဆုံးရှုံးမှုက များနိုင်တယ်ဗျ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့အပြားကို လေကြောင်းကနေ အကြမ်းဖက် ထိုးစစ်ဆင်နေပြီး ကန့်ဘလူ၊ ပဇီကြီးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆ လအရွယ် ကလေးငယ်ကနေ အသက် ၆၇ နှစ်အရွယ် သက်ကြီးရွယ်အို၊ ကိုယ်ဝန်သည်တွေ အပါအဝင် လူဦးရေ ၁၇၀ လောက် သေဆုံးခဲ့ပါတယ်။
ဧပြီ ၁၈ နေ့မှာပဲ မြိုင်နယ် မန်ကျည်းကန်ရွာကို စစ်သုံး Mi35၊ Mi17 အမျိုးအစားလေယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျေးရွာတွင်းကို စစ်ကြောင်းထိုးဝင်ရောက်ကာ သက်ကြီးရွယ်အိုတွေနဲ့ ဒေသခံတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပါသေးတယ်။