close

လေကြောင်းဗုံးကြဲ

close

September 30, 2022

ဒီးမော့ဆိုမြို့နယ်၌ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ဘုရားကျောင်းပျက်စီးပြီး ကျောင်းသား ၁ ဦး ဒဏ်ရာရ

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါဆိုကလောကျေးရွာမှာ  စက်တင်ဘာ ၂၈ ရက်ညက စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ခရစ်ယာန်ဘုရားကျောင်းထိမှန် ပျက်စီးသွားခဲ့သလို ၉ တန်း ကျောင်းသားတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

ည ၉ နာရီကျော်မှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီးကြောင့် ဒေါဆိုကလောကျေးရွာ နှစ်ချင်း ခရစ်ယာန်ဘုရားကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးစ ထိမှန်မှုကြောင့် အဲဒီဘုရားကျောင်းအတွင်းမှာ စာဖတ်နေတဲ့ ၉ တန်း ကျောင်းသားတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက် ညနေ ၃ နာရီခွဲကလည်း လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နေအိမ်အတွင်းမှာရှိနေတဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတယောက် ထိခိုက်သေဆုံးပြီး ၂ ယောက် စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံနဲ့ ဘုရားသုံးဆူအကြားရှိ ယော့်ကခေါရွာကိုလည်း စက်တင်ဘာ ၂၈ ရက် ည ၁၁ နာရီလောက်မှာ  စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲသွားပါတယ်။

ညဘက် ရွာသားတွေ အိပ်ပျော်နေချိန်မှာ ရွာထဲကို ဗုံးသီးတွေရောက်ပေါက်ကွဲတာကြောင့် ထွက်ပြေးခဲ့ကြရပြီး  ဗုံးသီး ၆ လုံးလောက် ပေါက်ကွဲကာ ရွာသား နေအိမ်တချို့နဲ့   အိမ်သုံးပစ္စည်းတွေ၊ စားသောက်ကုန်တွေပျက်စီးသွားပေမဲ့ လူတွေထိခိုက်တာ မရှိဘူးလို့ ဒေသခံရွာသား တယောက်က ပြောပါတယ်။

ဘုရားသုံးဆူမြို့အနီးမှာ ဘုရားတောင်တပ်စခန်းကုန်းကို    KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အနီးနားကကျေးရွာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ ဖြစ်ပါတယ်။

6 months Ago

September 11, 2022

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် မောင်တောဒေသခံ ၄၀၀ ကျော် နေရပ်စွန့်ထွက်ပြေး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းကို စက်တင်ဘာ ၁၁ ရက် မနက် ၄ နာရီ ၃၀ လောက်မှာ စစ်အကောင်စီက လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုအပြီး ငါးခူရပြန်လည်လက်ခံရေး စခန်း တာဝန်ရှိသူတွေနဲ့ ကျေးရွာ ၇ ရွာက ဒေသခံ ၄၀၀ ကျော် နေရပ်စွန့်ခွာသွားကြပြီလို့  ဒေသခံတွေက ပြောပါတယ်။

ငါးခူရကျေးရွာ ဒေသခံတဦးက "ဘယ်လို လုပ်နေထိုင်လို့ ရတော့မလဲ။ ဒီမနက် ၄ နာရီလောက် လူတွေ အိပ်နေချိန် ရွာနားမှာ ဗုံးသံကြောင့် လန့်နိုးသွားတယ်။ မိုးကြိုးပစ်တယ် ထင်တာ။ တိုက်လေယာဥ်သံ ကြားမှ ဗုံးချနေတာ သိရတာ။ မနက်ကျတော ငါးခူရပြန်လည်လက်ခံရေးစခန်း က တာဝန်ကျဝန်ထမ်းတွေ ရေကြောင်းကနေ မောင်တောကို တက်သွားကြတယ်။ ရွာ ၇ ရွာက ဒေသခံတချို့လည်း မောင်တောကို သုံးဘီး ဆိုင်ကယ်တွေနဲ့ ထွက်ပြေးလာကြတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ တိုက်လေယာဥ်တွေဟာ ကျေးရွာ ၇ ရွာနားက နေရာ ၇ ခုကို ရည်ရွယ်ချက်ရှိရှိ ဗုံး ချခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက "သူတို့က ကျေးရွာတွေနားမှာ ဒေသခံတွေ ထွက်ပြေးအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဂျက်လေယာဥ် ၂ စီးက နေရာ ၇ နေရာကို ဗုံး တလုံးစီ ချခဲ့တာ။ ရွာသူ၊ ရွာသားတွေလည်း နောက်ထပ်တိုက်ပွဲတွေ ဖြစ်လာပြီး လူနေ အိမ်တွေကို ဗုံးကြဲလာမှာကို ဒေသခံတွေ စိုးရိမ်နေကြလို့ ထွက်ပြေးကြတာ" လို့ ပြောပါတယ်။ 

တိုက်လေယာဉ်တွေ ဗုံးချခဲ့တဲ့ နေရာ ၇ ခုကတော့ လောင်းဒုံကျေးရွာရဲ့အရှေ့ဘက်၊ ဒိုးတန်းကျေးရွာမှာ ၂ နေရာ၊ စပ္ပယ်ကုံး၊ လောင်ဘာဂုံး၊ အထက်ပြူမ၊ ငါးခူရ စတဲ့ကျေးရွာနားတွေ ဖြစ်တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ထပ်မံပြီး ဗုံးချမှာစိုးရိမ်တာကြောင့် ငါးခူရ၊ စံပ္ပယ်ပင်ရင်း၊  လောင်းဒုံး၊ အထက်ပြူမ၊ အောက်ပြူမ၊ ကပ္ပကောင်းရေတွင်းပြင်စတဲ့ ကျေးရွာ ဒေသခံတချို့ သုံးဘီးဆိုင်ကယ်တွေနဲ့ မောင်တောမြို့ပေါ်က ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေးခုံလှုံနေကြပြီလို့ ဒေသခံရွာသူ/ရွာသားတွေက ပြောပါတယ်။

7 months Ago
Up