ယူကရိန်းကို အမေရိကန်က ထောက်ပံ့ပေးနေတဲ့ ပက်ထရီယော့လေကြောင်းရန် ကာကွယ်ရေးစနစ်ဟာ ရုရှားက တန်ပြန်နိုင်တဲ့ လက်နက်စနစ်ဟောင်းဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။
“ပက်ထရီယော့က အတော်လေးကို အိုဟောင်းနေပြီး ရုရှားရဲ့ S-300 စနစ်လိုတောင် အလုပ်မလုပ်ဘူး”လို့ ပူတင်က သတင်းထောက်တွေကို ပြောပါတယ်။
သူတို့အနေနဲ့ ဒါတွေကို ထည့်သွင်းစဉ်းစားမှာဖြစ်ပြီး ဖြေရှင်းဖို့နည်းလမ်းကလည်း အမြဲရှိနေတယ်လို့ ဆိုပါတယ်။
ရုရှားဟာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်လိုကြောင်းနဲ့ လက်နက်ကိုင်ပဋိပက္ခအားလုံး သံတမန်ရေးရာ ညှိနှိုင်းမှုတွေနဲ့ အဆုံးသတ်လိုကြောင်း ပူတင်က ပြောပါတယ်။
သူတို့ရဲ့ရည်မှန်းချက်ဟာ စစ်ရေးပဋိပက္ခတွေကို ချားရဟတ်လို လှည့်နေဖို့မဟုတ်ဘဲ သူ့ဆန့်ကျင်ဘက် စစ်ပွဲကို အဆုံးသတ်ဖို့ဖြစ်ကြောင်းနဲ့ အဲဒီအတွက် ကြိုးပမ်းနေပြီး ဆက်ပြီး ကြိုးပမ်းသွားမယ်လို့လည်း ပူတင်က သတင်းထောက်တွေကို ပြောကြားသွားပါတယ်။
အမေရိကန်ရဲ့ ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ရုရှားက ဝေဖန်နေချိန်မှာပဲ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သူဟာ ရလဒ်ကောင်းတွေနဲ့အတူ ဝါရှင်တန်ခရီးစဉ်ကနေ ပြန်ရောက်လာပြီလို့ ဒီဇင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။
“အောင်ပွဲက ငါတို့အတွက်ပဲ ဖြစ်လိမ့်မယ်။ ငါတို့ရဲ့စစ်သည်တွေနဲ့ နိုင်ငံကို ကာကွယ်ပေးနေသူတိုင်းဆီ ကျက်သရေအပေါင်း ခညောင်းပါစေ။ ငါတို့ဟာ ဒီအောင်မြင်မှုကို ယူကရိန်းကို၊ ဒွန်ဘတ်စ်ကို၊ ဘာ့ခ်မုထ်နဲ့ ငါတို့ကာကွယ်ရေးတပ်ဖွဲ့တွေ စောင့်နေကြတဲ့ တောင်ပိုင်းဆီကို ဆုံးဖြတ်ချက်တွေ ယူဆောင်လာခဲ့ပြီ” လို့ ဇလန်းစကီးက ဗီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။
ဇလန်းစကီးဟာ ပိုလန်သမ္မတ အန်ဒရေး ဒူးဒါနဲ့လည်း တယောက်ချင်း သီးသန့် တွေ့ဆုံခဲ့ပြီး လာမယ့်နှစ်မှာ သူတို့ရဲ့ ဗျူဟာမြောက်မျှော်မှန်းချက်နဲ့ ပတ်သက်ပြီး အမေရိကန်မှာ ကြားသိခဲ့ရတာတွေကို ပြောပြခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။
“ကျနော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျနော်တို့ရဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို အားကောင်းအောင် လုပ်နေပါတယ်” လို့လည်း ဆိုပါတယ်။
ဒီဇင်ဘာ ၂၁ ရက်က အမေရိကန်ကွန်ဂရက်မှာ ဇလန်းစကီးက ယူကရိန်းကို အကူအညီပေးခြင်းဟာ ဒီမိုကရေစီအတွက် ရင်းနှီးမြှုပ်နှံမှုတခုဖြစ်ပြီး စေတနာအလျောက် ပရဟိတလုပ်တာမျိုး မဟုတ်ကြောင်း ပြောခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက အရေးပါတဲ့တိုက်ပွဲတခုမှာ နာဇီတွေအပေါ် အမေရိကန်ရဲ့ အောင်ပွဲကို ကိုးကားခဲ့ပြီး အကူအညီတွေ ဆက်ပေးဖို့ ဇလန်းစကီးက တောင်းဆိုခဲ့ပါတယ်။
ဇလန်းစကီးဟာ သူ့ရဲ့ စစ်ပွဲကာလအတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစောပိုင်းမှာ တွေ့ဆုံခဲ့ပြီး ဘိုင်ဒင်က ၂၀၂၃ ခုနှစ်အထိ ယူကရိန်းကို အကူအညီ ဆက်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဇလန်းစကီးရဲ့မိန့်ခွန်းဟာ အောက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်အမတ်တွေ လွှဲပြောင်းရယူချိန်မှာ စိုးရိမ်ပူပန်မှုတွေ လျော့ပါးစေဖို့နဲ့ သူ့ပြည်သူတွေ ကြုံနေရတဲ့ အခက်အခဲတွေနဲ့အတူ အမေရိကန်ရဲ့ လူထုသဘောထား သူ့ဘက်မှာ ဆက်ရှိနေစေဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။