ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၉ ဦးထက်မနည်း သေဆုံးပြီး ၉၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
မေ ၁၁ ရက်က ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁ ဦး သေဆုံးခဲ့ပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းအစ္စလာမ္မစ်ဂျီဟတ် (PIJ) ရဲ့ အကြီးတန်းတပ်မှူး ၁ ဦးနဲ့ လက်နက်ကိုင် တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းဘက်က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားတွေလည်း သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။
မေ ၁၁ ရက် ည ၈ နာရီအထိ ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အစ္စရေးဘက်ကို ဒုံးကျည်နဲ့ မော်တာကျည် ၈၀၀ ကျော် ပစ်ခတ်ခဲ့ပြီး အဲဒီထဲက ကျည်ပေါင်း ၆၂၀ ထက်မနည်း နယ်စပ်ကို ကျရောက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
နိုင်ငံအလယ်ပိုင်းခရိုင် ရီဟို့တ်မြို့ရှိ အဆောက်အအုံတခုကို ဒုံးကျည်ထိမှန်တာကြောင့် လူ ၁ ဦး သေဆုံးပြီး ၈ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
မေ ၁၁ ရက်ကလည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ လေကြောင်း တိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တားပြီး လက်တုံ့ပြန်မယ်လို့ ပြောပါတယ်။
အဲဒီနေ့မှာပဲ ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟတ်၊ ဟားမတ်စ်နဲ့ တခြားပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တွေက အစ္စရေးဟာ အကြီးတန်းတပ်မှူးတွေကို သတ်ဖြတ်ခြင်းအားဖြင့် သူတို့ရဲ့ ခြိမ်းခြောက်မှုကို တွက်ကိန်းမှားယွင်းနေကြောင်းနဲ့ သူတို့မှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို တုံ့ပြန်နိုင်တဲ့ စွမ်းရည်လည်း ရှိကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မေ ၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က CDF-ဆဲန်ထန်ရဲ့ ကောင်စီရုံးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDF-ဆဲန်ထန်ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူးနဲ့ တပ်ခွဲမှူး ကျဆုံးခဲ့ကာ CDF ရဲဘော် ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ CDF-ဆဲန်ထန်ကနေ သိရပါတယ်။
ဟားခါးမြို့နယ်၊ ခွာပီးကျေးရွာဘက်ကို မနေ့ မေ ၈ ရက် မွန်းလွဲ ၂ နာရီခွဲလောက်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတွေနဲ့ လမ်းကြောင်းလာရှင်းပြီး ညနေ ၅ နာရီကျော်လောက်မှာ Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်တစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ CDF-ဆဲန်ထန် ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“ခွာပီးကျေးရွာကို တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ၂ ကြိမ် ဗုံးကြဲတယ်။ ပစ်မှတ်က ၂ ကြိမ်စလုံး လွဲသွားတယ်။ နေအိမ်တွေကို မကျရောက်ဘဲ မြေကြီးမှာပဲ ကျရောက်တဲ့အတွက် ပြည်သူတွေ ထိခိုက်မှုမရှိသလို နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူး။ အဲဒီနောက် ခဏအကြာမှာ CDF-ဆဲန်ထန် ကောင်စီရုံးကို ဗုံးလာကြဲပြန်တယ်။ အဲဒီ ဗုံးကြဲတဲ့အချိန်မှာ အဆောက်အဦကို မထိဘဲနဲ့ ရုံးကလူကြီးတွေ တိမ်းရှောင်တဲ့ဘက်မှာ ဗုံးသီး ၁ လုံး ကျရောက်ပေါက်ကွဲကာ CDF-ဆဲန်ထန်ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး ဆလိုင်း Siang Cung Hnin ကျဆုံးခဲ့ရတယ်။”
ဒါ့အပြင် CDF တပ်ဖွဲ့ဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့ပြီး အဲဒီဒဏ်ရာရရှိတဲ့ လေးယောက်ထဲက တပ်ခွဲမှူး ဆလိုင်း Duh Lain Hmung ဟာ မေ ၉ ရက် မနက် ၂ နာရီခွဲမှာ ထပ်မံကျဆုံးခဲ့ရပြီး ဒဏ်ရာရရှိတဲ့သူ ၃ ယောက်ကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ချင်းပြည်နယ်အတွင်းမှာ စစ်ကောင်စီက ၂၀၂၃ မတ်လနဲ့ ဧပြီ ၂ လအတွင်းမှာ ဗုံးအလုံးရေ ၁၂၀ ကျော်နဲ့ လေကြောင်းတိုက်ခိုက်မှု ၃၇ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ ဘဲလမုကျေးရွာအုပ်စုရှိ ချောင်းနှစ်ခွရွာ၊ ထဲဝါပသဲရွာကို စစ်ကောင်စီတပ်က မေ ၈ ရက် မနက် ၁၁ နာရီ ၃၅ မိနစ်မှာ လေယာဥ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သား အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး လူနေအိမ် ၁ လုံး မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဒေသခံတဦးဖြစ်တဲ့ အသက် ၃၀ အရွယ် မစန္ဒာအေးမှာ ညာဘက် ကျောပြင်၊ ပခုံး လက်နက်ကြီးအစမှန်ပြီး မော်လမြိုင်ဆေးရုံကို အရေးပေါ်လူမှုကယ်ဆယ်ရေးသမားတွေက ပို့ဆောင်ပေးရတယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ကျန်တဲ့ရွာသားတွေကတော့ ပုန်းခိုကျင်း လွတ်မယ့်နေရာတွေဘက်ကို အကုန်လုံး ပြေးပုန်းရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
“စစ်တပ်က ဘာတိုက်ပွဲလည်း မရှိဘဲနဲ့ကို အကြောင်းမဲ့လာပစ်တာ။ ဒီရွာမှာ ကရင်တိုင်းရင်းသားတွေ အများဆုံးနေပေမဲ့ သာမန် လက်လုပ်လက်စား ခြံသမားတွေသာ အများဆုံးနေကြတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့မှ မနေပါဘူး။ ကေအန်ယူ စိုးမိုးနယ်မြေကလွဲရင် အခုလို လေကြောင်းကနေပစ်တာ မကောင်းဘူး” လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၇ ရက် ည ၁၁ နာရီ ၅၀ မိနစ်က ရေးမြောက်ပိုင်း PDF အခြေစိုက်စခန်းတခု လေယာဥ်နဲ့ တိုက်ခိုက်ခံရလို့ PDF ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ရေး PDF မြောက်ပိုင်းဘက်က ပြောပါတယ်။
ရေးမြို့နယ်မှာ အခုရက်အတွင်း စစ်ကောင်စီတပ်တွေက ညဘက်တွေမှာ ကင်းထောက်လေယာဥ်တွေနဲ့ PDF အခြေစိုက်စခန်းတွေကို စုံစမ်းထောက်လှမ်းတာတွေ ခပ်စိတ်စိတ် လုပ်လာနေတယ်လို့ ဆိုပါတယ်။