အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း မစ်ဆိုရီပြည်နယ်မှာ ဧပြီ ၅ ရက်က အရုဏ်မတက်သေးခင်အချိန် ဖြတ်သန်းဝင်ရောက်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး ဘိုးလ်လင်ဂါကောင်တီမှာ ခေါင်မိုးတွေပြုတ်ထွက်၊ သစ်ပင်တွေကျိုးကျပြီး ဓာတ်အားလိုင်းတွေလည်း ပြတ်ကျကုန်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အေဂျင်စီတွေက ပထမဆုံး ရောက်ရှိလာကြတဲ့ အရေးပေါ်အဖွဲ့တွေဟာ ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ရှင်းလင်းနေကြပြီး မစ်ဆူရီပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ခ် ပါဆန်က ပြန်လည်ထူထောင်ရေးလုပ်ဖို့ ကြာဦးမယ်လို့ ပြောပါတယ်။
လေဆင်နှာမောင်းကြောင့် လူ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆောက်လုပ်ရေးစီမံကိန်း ၈၇ ခု ပျက်စီးကာ အဲဒီထဲမှာ အဆောက်အဦ ၁၂ လုံး ပျက်စီးခဲ့တယ်လို့ မစ်ဆိုရီပြည်နယ် အဝေးပြေးလမ်း ကင်းလှည့်အဖွဲ့အရ သိရပါတယ်။
လေဆင်နှာမောင်းဟာ ဒေသစံတော်ချိန် မနက် ၃ နာရီခွဲလောက်မှာ တိုက်ခတ်ခဲ့တာ ဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာနမှ မုန်တိုင်းသတင်းထောက်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အနောက်အလယ်ပိုင်းမှာ ညတွင်းချင်း တွေ့မြင်ရတဲ့ လေဆင်နှာမောင်းတွေထဲက တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
အီလီနွိုက်စ်ပြည်နယ် ပီအိုးရီးယားမြို့ရဲ့ အနောက်တောင်ဘက်ရှိ ဘရိုင်ယန့်ထ်ကျေးရွာမှာ တခြားလေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့ပေမဲ့ လူသေဆုံးမှုတော့ မရှိခဲ့ပါဘူး။
တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်း ဒေသတွေရဲ့ အစိတ်အပိုင်းတွေတလျှောက် ပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ်ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ လေပွေပြင်းတွေ တိုက်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၃၂ ဦး သေဆုံးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ အာကန်ဆပ်စ်ပြည်နယ်ရဲ့ မြို့တော် လစ်တဲလ်ရော့ခ်နဲ့ အနီးနားရှိမြို့တွေမှာ မတ် ၃၁ ရက်က ပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ်လို့ အဆောက်အဦတွေရဲ့ ခေါင်မိုးတွေနဲ့နံရံတွေ လန်ထွက်ပြုတ်ကျပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လေပြင်းတွေကြောင့် မော်တော်ယာဥ်တွေလည်း လွင့်ထွက်ကုန်ပြီး သစ်ပင်တွေနဲ့ ဓာတ်အားလိုင်းတွေ လဲကျကုန်ပါတယ်။
တန်နက်ဆီပြည်နယ်နယ်စပ်အနီး လစ်တဲလ်ရောခ်မြို့ရဲ့ အရှေ့ဘက် မိုင် ၁၀၀ လောက်အကွာမှာ လေဆင်နှာမောင်း တိုက်ခတ်လို့ အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဆာရာ ဟပ်ကာဘီးဆန်းဒါးစ်က ညနှောင်းပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
လူ ၃၀ နီးပါးကို မီးသတ်ဌာနက သယ်ဆောင်သွားပြီး တခြား အရေးပေါ် ဝန်ထမ်းတွေကတော့ ဒဏ်ရာရရှိသူတွေကို နယ်မြေဆေးရုံတွေဆီ ပို့ဆောင်ခဲ့ကြောင်း မြို့တော်ဝန် ဖရန့်စကော့ ဂျူနီယာက ပြောကြားခဲ့ပါတယ်။
မြို့တော်ရဲ့အနောက်ဘက်စွန်းရှိ ဧရိယာအများအပြားဟာ အဆိုးရွားဆုံးထိခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားပြီး မြို့တော်ဝန်က နေအိမ်ပျက်အစီးတွေက နေရာတော်များများမှာရှိခဲ့တယ်လို့လည်း ပြောပါတယ်။