ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မုန်တိုင်းငယ်တစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် မတ် ၁၈ ရက်က ချင်းမိုင်မြို့နေ အိမ်ထောင်စု ၆၀၀ နီးပါးအပေါ် မုန်တိုင်းသင့်ခဲ့တယ်လို့ ဒီမြို့ရဲ့ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျော့ပါးရေးဆိုင်ရာဌာနက ဆိုပါတယ်။
ချင်းမိုင်မြို့ခံတစ်ဦးက လေတိုက်တာ အစပိုင်းမှာ မပြင်းထန်ပေမယ့် ၁၀ မိနစ်လောက်ကြာတော့ လေပြင်းတွေနဲ့အတူ မိုးအကြီးအကျယ် ရွာလာတော့တာပဲလို့ ပြောပြပါတယ်။
ဒီလိုမိုးရွာသွန်းမှု မိနစ် ၂၀ လောက် ကြာမြင့်ပြီးတဲ့နောက် သစ်ပင်တွေ ပြိုလဲပြီး အဆောက်အအုံ တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ချင်းမိုင်မြို့ခံက ဖြည့်စွက်ပြောပါ တယ်။
ဒီဖြစ်ရပ်အပြီး ညပိုင်းလောက်အထိ လျှပ်စစ်မီးပြတ်တောက်ပြီး မီးပွိုင့်တွေပါ အလုပ် မလုပ်တော့တာကြောင့် ယာဉ်ကြော ပိတ်ဆို့ခဲ့ပါတယ်။
သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ ဆိုးဝါးတဲ့ ရာသီဥတုဘေးဒဏ်သင့်ခဲ့ရာ ချင်းမိုင်မြို့က နေထိုင်သူတွေအတွက် အကူအညီပေးကြရမယ်လို့ ထိုင်းဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာက မတ် ၁၉ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဧပြီ ၇ ရက်ညနေက အချိန်အခါမဟုတ် မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် နေအိမ်အလုံး ၂၀ ကျော် ပြိုကျပျက်စီးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။
ဒီကနေ့ ညနေ ၄ နာရီခွဲလောက်မှာ မိုးရွာပြီး လေပြင်းတိုက်ခတ်တာကြောင့် မော်လမြိုင်၊ သာယာအေးရပ်ကွက်က ကျူးကျော် နေအိမ်အလုံး ၂၀ ကျော် ပြိုကျပျက်စီးခဲ့တာပါ။
ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်တွေကို လူမှုကယ်ဆယ်ရေးအဖွဲ့က သွားရောက် ကူညီပေးနေပြီး လူထိခိုက်ဒဏ်ရာရတော့ မရှိပါဘူး။
လေဘေးသင့်ပြည်သူ ၁၅၀ ကျော်ကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ နီးစပ်ရာဆွေမျိုး နေအိမ်တွေကို ပို့ဆောင်ထားပြီး လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က ကူညီမှု တစ်စုံတစ်ရာ ရောက်ရှိတာ မရှိသေးဘူးလို့ လေဘေးသင့်ပြည်သူတွေက ပြောပါတယ်။
မိုးသက်လေးပြင် တိုက်ခတ်တာကြောင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်တချို့ သစ်ပင်တွေ ပြိုလဲ လမ်းပိတ်ဆို့ခဲ့ပါတယ်။