အမေရိကန်လေကြောင်းလိုင်းနှစ်ခု ဖြစ်တဲ့ United Airlines နဲ့ Delta Air Lines တို့က ကိုဗစ်မျိုးကွဲ အိုမီခရွန်ဗိုင်းရပ်စ် ပျံ့နှံ့နေတာကြောင့် ခရစ္စမတ်ကာလ လေယာဉ်ခရီးစဉ် ၂၀၀ ကျော်ကို ရုတ်တရက် ဖျက်သိမ်းလိုက်လို့ အားလပ်ရက် အိမ်ပြန်ကြမယ့် ခရီးသည် ထောင်ပေါင်းများစွာ အခက်အခဲ ဖြစ်သွားပါတယ်။
အလျင်အမြန်ပျံ့နှံ့နေတဲ့ အိုမီခရွန်ဗိုင်းရပ်စ်က လေယာဉ်ဝန်ထမ်းနဲ့ အလုပ်သမားတွေကိုပါ ကူးစက်ထားပြီး ခရီးသည်တွေအတွက် စိုးရိမ်ရတာကြောင့် ခရီးစဉ်ဖျက်သိမ်းရတာလို့ လေကြောင်းလိုင်းနှစ်ခုက ပြောပါတယ်။
Delta airlines က ဒီဇင်ဘာ ၂၄ ရက်က လေကြောင်းပြေးဆွဲမှု ၉၀ ကို မဖျက်သိမ်းမီ နည်းလမ်းအမျိုးမျိုး စဉ်းစားပေမဲ့ ရွေးချယ်စရာကုန်သွားပြီလို့ ပြောပါတယ်။
United airlines ကလည်း ကိုဗစ်ဖြစ်လို့ ဝန်ထမ်းတွေ နည်းသွားတာကြောင့် တရက်တည်းမှာ ပြေးဆွဲမယ့်လမ်းကြောင်း ၁၂၀ ကို ဖျက်သိမ်းရတယ်လို့ ကြေညာပါတယ်။
လေကြောင်းဝန်ဆောင်မှုပေးနေတဲ့ လုပ်သားတွေလည်း အိုမီခရွန်ကူးစက်ထားတာကြောင့် လေကြောင်းလိုင်းတွေ အနည်းဆုံး ၅ ရက်နဲ့ ၁၀ ရက်ကြား နားထားမယ်လို့ ကြေညာပါတယ်။