ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်စခွန်းမြို့နယ်ထဲမှာ မတ်လ ၈ ရက် ဒီမနက်က ကိုယ်ပိုင် လေယာဉ်ငယ်တစီး ရေထဲပျက်ကျသွားပြီး လူတယောက် သေဆုံးကာ တယောက် ဒဏ်ရာရသွားတယ်လို့ BRIGHT TV သတင်းမှာ ဖော်ပြပါတယ်။
စမွတ်စခွန်းမြို့နယ် ခုတ်ခမ်အုပ်စု နယ်မြေ ၁၀ ရှိ ရွာသားပိုင် ပုစွန်မွေးမြူရေးကန်ထဲကို ဒီကနေ့မနက် ၇ နာရီလောက်က လေယာဉ်ငယ် ပြုတ်ကျတာကို မြင်ရလို့ ကနဦးသွားရောက် ကယ်ဆယ်ခဲ့တယ်လို့ ဒေသခံအမျိုးသမီးတယောက်က သတင်းထောက်တွေကို ပြောပါတယ်။
ကနေ့မနက်က ဘုန်းကြီးကျောင်းသွားတက်ဖို့ ဖြီးလိမ်းပြင်ဆင်နေစဉ် မူမမှန်တဲ့ လေယာဉ်အသံကြားလို့ ထွက်ကြည့်ရာမှာ လေယာဉ်ငယ်တစီးဟာ သူ့ရှေ့မှာဘဲ ပုစွန်ကန်ထဲ ပြုတ်ကျသွားတာလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ မရောက်ခင် ရေထဲခုန်ဆင်းကာ အမျိုးသမီးတဦးကို ကုန်းပေါ်အရင် ဆွဲတင်ခဲ့ကြောင်း၊ အိမ်နီးချင်းနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာတော့ နောက်ထပ်အမျိုးသား တဦးကို ကုန်းပေါ်ယူလာပေမယ့် အသက်မရှိတော့ဘူးလို့ ဆိုပါတယ်။
သေဆုံးသူမှာ လေယာဉ်မောင်းသင်တန်းဆရာ နိုင်းပရကစ် ဖပ်ဖိဖတ်ထနား (၅၅ နှစ်)နဲ့ ဒဏ်ရာရသူက အသက် ၄၅ နှစ်ရွယ်ရှိ သူ့ဇနီးဖြစ်ကြောင်း၊ သူတို့နှစ်ဦးဟာ အဆိုပါလေယာဉ်နဲ့ ချင်းမိုင်ကိုသွားဖို့ ခုတ်ခမ်မြို့နယ် ပုဂ္ဂလိကပိုင်လေယာဉ်ကွင်းတစ်ခုကနေ ထွက်ခွာလာပြီး အချိန်အနည်းငယ်အတွင်း ပျက်ကျသွားတာလို့ ခုတ်ခမ်နယ်မြေရဲစခန်း တာဝန်ကျ ဒုရဲမှူး ပဆုပ်ဖန်းကျဲန့်က ပြောပါတယ်။
လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေ ဆက်လက်စုံစမ်းစစ်ဆေးနေတယ် လို့ သတင်းမှာ ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ စန်တီယေဂိုမြို့က အထက်တန်းကျောင်းဝင်း အနားကို လေယာဉ်ငယ်တစီး အောက်တိုဘာ ၁၁ ရက်က ပျက်ကျခဲ့တာကြောင့် အိမ် ၂ လုံး မီးလောင်ပျက်စီးပြီး လူ ၂ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ အရာရှိတွေနဲ့ ဒေသခံမီဒီယာတွေက ပြောပါတယ်။
လေယာဉ်ပျက်ကျတဲ့ နေရာနားက စန်တာနာ အထက်တန်းကျောင်းက ကျောင်းသူ ကျောင်းသားတွေ ဘေးကင်းတယ်လို့ CBS47 မီဒီယာက တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။
လေယာဉ်ပျက်ကျထားလို့ လမ်းတချို့ကို ပိတ်ထားတယ်။ လေယာဉ်ပျက်ကျတဲ့ကိစ္စကို ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေးဌာနနဲ့ အမျိုးသားသယ်ယူပို့ဆောင်မှု ဘေးကင်းရေး ဘုတ်အဖွဲ့တို့က ကိုင်တွယ် စစ်ဆေးနေတယ်လို့ စန်ဒီယေဂို မြို့နယ် ရဲဌာနက ပြောပါတယ်။