စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက တလိုင်းကျေးရွာကို စစ်ကောင်စီက ဧပြီ ၈ ရက် တနေ့တည်း လေယာဉ်နဲ့ ၂ ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အသက် ၆၀ ကျော် မသန်စွမ်း အဘိုးအိုတဦး ခြေထောက်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့လောက် ဘဝမှာ ဒုက္ခရောက်တာမရှိဘူးဗျ။ စစ်ကောင်စီက မြေပြင်မှာ ဘာတိုက်ပွဲမှမရှိဘဲ လေယာဉ် နဲ့ ၂ ကြိမ် ရွာကိုလာပစ်တယ်။ မနက်ခင်းကတော့ ၁၁ နာရီ ၁၅ မိနစ်လောက်က တကြိမ်၊ ညနေ ၃ နာရီ နဲ့ ၅၀ လောက်မှာတကြိမ်ပစ်ခတ်တယ်။ သူတို့လေယာဉ်နဲ့ပစ်ခတ်လို့ မသန်စွမ်းအဘိုးအိုတဦး ခြေကျင်ဝတ်မှာ ကျည်ထိမှန်ခဲ့တာတွေ ရှိခဲ့တယ်” လို့ တလိုင်းရွာသားတဦးက ပြောပါတယ်။
တလိုင်းရွာကို Mi 35 နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး လေယာဥ်ပေါ်ကနေချသွားတဲ့ စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်လောက်ကို နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်က ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။
"သူတို့က အရင်လေယာဥ်နဲ့တလိုင်းရွာအနီးကို ပတ်ပစ်ပစ်တာ၊ ပြီးမှ ရွှေဘိုဘက်ကနေ လေယာဥ်နဲ့ လူချတယ်၊ လေးခါချတာ၊ အင်အား ၁၀၀ လောက်ရှိမယ်။ အနီးကပ်ဖြစ်တာ၊ တနာရီခွဲလောက်ကြာတယ်။ သူတို့ ဘက်က လက်နက်ကြီး ငါးလုံးပစ်တယ်၊ အနီးကပ်ဖြစ်တာဆိုတော့ သူတို့ဘက်က ထိခိုက်မှုတော့ရှိတယ် အတည်မပြုနိုင်သေးဘူး။"
စစ်ကောင်စီတပ်ဟာ တလိုင်းရွာကို လေးကြောင်းကနေတိုက်ခိုက်ခဲ့သလို မြေပြင်ကို စစ်သားတွေချပြီး ရွာအတွင်းက အိမ်အချို့နဲ့ ဆိုက်တွဲအပါအဝင် ဒေသခံတွေရဲ့ပစ္စည်းတွေကိုပါ မီးရှို့ခဲ့တယ်လို့ ရွာအတွင်း ဝင်ရောက်ခဲ့တဲ့ PDF အဖွဲ့တွေက ပြောပါတယ်။
“ကျနော်တို့ရွာထဲကို အရဲစွန့်ဝင်ကြည်တဲ့အခါ အိမ်တွေ မီးရှို့ထားတာတွေ့ခဲ့ရသလို လေယာဉ် နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ထားတဲ့ အဘိုးအိုတဦး သတိလစ်မေ့နေတာကိုတွေ့ခဲ့ရတယ်။ အဲဒီအဘိုးအိုကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်။ ရွာထဲက မီးလောင်တဲ့ အိမ်အလုံး အရေအတွက်ကတော့ သေချာမရေတွက်နိုင်ခဲ့ဘူး။ ဘာကြောင့်မရေတွက်နိုင်ခဲ့လဲဆိုတော့ ရန်သူရဲ့ အန္တရာယ်ကလည်း အဝေးမရောက်သေးဘူးဆိုတော့ ဒဏ်ရာရတဲ့အဘိုးအိုကိုပဲ ကယ်ထုတ်ခဲ့ရတယ်” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ယုန်လေးကုန်းရွာကို စစ်ကောင်စီက ဧပြီ ၈ ရက်နေ့ မနက် ၆ နာရီလောက်မှာ မီးရှို့ခဲ့ပြီး ရွာသားတဦးကိုလည်း သတ်ဖြတ်ထားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အင်အား ၈၀ လောက်နဲ့ ဧပြီ ၇ ရက် မနက်က ဘုတလင်ရဲစခန်းကနေ ဆုံကုန်းရွာကိုဖြတ်ပြီး စစ်ကြောင်းထိုးလာကာ ယုန်လေးကုန်းမှာ ညအိပ်တပ်စွဲပြီး ရွာကိုမီးရှို့ကာ ရွာသားတဦးကို သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။
ယုန်လေးကုန်းဒေသခံတဦးက “သူတို့လာတာကို ကင်းထောက်ကြည့်နေတဲ့သူကို သတ်သွားတာ ဟုတ်တယ်ဗျ။ အသက်က ၁၈ နှစ်လောက်ရှိမယ်။ အမည်က မြင့်မြတ်နိုင်ပါဗျ။ ပထမက သူတို့ဘုတလင်ကနေ ဆုံကုန်းရွာနဲ့ ကျနော်တို့ရွာကို စစ်ကြောင်းစထိုးတယ်။ ကျနော်တို့ရွာကို ဧပြီ ၇ ရက်နေ့က မနက်ခင်း ၉ နာရီရောက်လာပြီး ကင်းထောက်နေတဲ့ မြင့်မြတ်နိုင်ကို မိသွားတယ်။ အဲလိုမိသွားပြီး သူတို့သတ်ထားခဲ့ကြတယ်။ အဲလိုသတ်ထားခဲ့တဲ့ အလောင်းကို ကျနော်တို့ ဒီနေ့မနက်ခင်း သူတို့ထွက်သွားပြီး အချိန်မှာ လမ်းမပေါ်ကနေ တွေခဲ့ရတယ်။ ရွာကိုလည်း မီးရှို့ထားခဲ့တယ်။ မီးလောင်တဲ့အိမ်က ၄၀ ခန့်လောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်။ ကျနော်တို့ရွာကို မီးရှို့ထားခဲ့ပြီး နောက်ထပ် ရွာအနီးက တရော်တောရွာကိုလည်း မနက်ခင်း ၉ နာရီမှာ ထပ်ပြီး မီးရှို့သွားတယ်။ အိမ်အလုံးရေ ၂၀ ကျော်မီးလောင်ခဲ့သေးတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကလည်း ဘုတလင်မြို့ ဒန်းတိုင်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ရွာသားတဦးကို သတ်ဖြတ်ခဲ့သလို ရမ်းသန်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူတချို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ပင်ဟင်းခါးနဲ့ ရွှေကျောင်းကျေးရွာနားမှာ မတ် ၃၁ ရက် မနက် ၇ နာရီက စပြီး စစ်တပ်နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ Banmouk Revolution-BR အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒေသခံအမျိုးသားတဦးက "တိုက်ပွဲကတော့ ၂၄ ရက်နောက်ပိုင်းကနေ ဆက်တိုက်ဖြစ်နေတာပဲ၊ နှစ်ဖက် ထိခိုက် သေဆုံးတာတွေရှိပေမယ့် အတိအကျတော့ မသိရဘူး။ ဖုန်းလိုင်းမရတော့ တရွာနဲ့တရွာ ဆက်သွယ်လို့မရဘူး၊ အရင်ရက်က ကြောင်လယ်ရွာမှာလည်းဖြစ်တယ်။ ၂၄ ရက် နဲ့ ၂၆ ရက်က လေယာဉ်နဲ့လည်း ဗုံးကြဲတယ်" လို့ ပြောပါတယ်။
ပင်ဟင်းခါးနဲ့ ရွှေကျောင်းကျေးရွာနားမှာ အပြန်အလှန် ပစ်ခတ်နေတဲ့ အသံတွေ ကြားနေရပြီး ကျေးရွာထဲက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေရတယ်လို့ ရွားသားတွေက ပြောပါတယ်။
မတ် ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာလည်း ဗန်းမောက်မြို့နယ်အနောက်ပိုင်း စက်တောရွာ၊ အလယ်ရွာ၊ ကံရွာတို့မှာ စစ်တပ်နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ဗန်းမောက်မြို့နယ်ကို လေကြောင်းပစ်ကူနဲ့ပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း မတ် ၃၀ နဲ့ ၃၁ ရက်တွေမှာ စစ်တပ်နဲ့ KIA/PDF ပူးပေါင်းတပ်ကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် မံဝိန်းရွာက နေအိမ် ၇၀ ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသားတဦးက “ကျနော်တို့လည်း ထွက်ပြေးနေရတယ်။ စစ်ဘေးရှောင်နေ လူငယ်တချို့ကိုလည်း စစ်ကောင်စီက ဖမ်းသွားတယ်။ ရွှေကူမြို့ထဲနဲ့ နီးစပ်ရာတွေမှာ စစ်ရှောင်နေသူတွေကိုလည်း စစ်တပ်က နေရပ်ပြန်ဖို့ ဖိအားပေးနေတယ်။ အခုကျနော်တို့ နေအိမ်လည်း မီးလောင်တဲ့အထဲ ပါသွားပြီထင်တယ်” လို့ ပြောပါတယ်။
လတ်တလော တိုက်ပွဲတွေ ဆက်ဖြစ်နိုင်ပြီး တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးဒဏ်ရာရသူ ရှိနိုင်ပြီး KIA/ KPDF ထိခိုက်မှု အနည်းငယ်သာရှိခဲ့ကာ ဆက်လက် တိုက်ပွဲဝင်မယ်လို့ KPDF ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။